အကြမ်းဖက်ပဋိပက္ခက အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်လို့ ကင်တားနားပြော


2013.10.25
quintana_305.jpg ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ပုံ
photo: RFA/ Nay Thwae

မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ပဋိပက္ခတွေဟာ ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် ခြိမ်းခြောက်နေသလို၊ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာအနေအထားမှာ ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ်ကင်တားနားက ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မှာ အောက်တိုဘာလ ၂၄ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးအပြီးမှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ မစ္စတာကင်တားနားက အခုလိုပြောလိုက်တာ ဖြစ်ပါ တယ်။

ဒီနှစ်အတွက် အစီရင်ခံစာတင်ဖို့ မြန်မာနိုင်ငံကို သွားရောက်လေ့လာတဲ့အခါ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်ချက်တွေမှာ လူမှုအဖွဲ့အစည်းတွေ ရဲ့ဆောင်ရွက်မှုတွေကို အားပေးနေတာတွေ့ရသလို၊ နိုင်ငံရေးပါတီတွေနဲ့ ထိပ်တန်းခေါင်းဆောင်တွေလည်း ပူးပေါင်းဆောင်ရွက်နေတာတွေ့ရပါတယ်။ ဒါပေမဲ့ နှစ်ရှည်လများဖြစ်နေခဲ့တဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်လာအောင်တော့ အများကြီးဆောင်ရွက်ဖို့ လိုနေသေးတာတွေ့ရတယ်လို့ မစ္စတာကင်တားနား ပြောသွား တာပါ။

ဒါ့အပြင် မွတ်စလင်လူနည်းစုတွေအပေါ် ဆန့်ကျင်အကြမ်းဖက်မှုတွေဖြစ်နေတာဟာ မြန်မာနိုင်ငံတဝှမ်း မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ မွေးထုတ်ပေးရာရောက်နေပြီး ဒါဟာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့  မစ္စတာ ကင်တားနားက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ ဘာသာလူမျိုးမတူသူတွေအကြား ယုံကြည်မှုတည်ဆောက်ကြဖို့၊ အပြန်အလှန်လေးစားမှုရှိဖို့၊ မေတ္တာဂရုဏာထားဖို့၊ သူ့ရဲ့မိန့်ခွန်းတွေမှာ ထည့်သွင်းပြောဆိုခဲ့တာကို ချီးကျူးအသိမှတ်ပြုရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ လူနည်းစုတွေကို အကာအကွယ်ပေးဖို့နဲ့ အမုန်းတရားတွေဖြစ်စေမယ့် အပြောအဆိုအရေးအသားတွေရှိနေတာကို အစိုးရကထိန်းချုပ်ကန့်သတ်ပေးဖို့တော့ ပိုပြီးလိုအပ်နေကြောင်း မစ္စတာကင်တားနားက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။