လက်ပံတောင်း ပဋိပက္ခမှာ သေဆုံးဒဏ်ရာ ရဒေသခံတွေအတွက် အမှုဖွင့်
2015.01.03

လက်ပံတောင်းတောင်ဒေသမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က သေနတ်ထိမှန်သေဆုံးသူ ဒေါ်ခင်ဝင်းနဲ့ ဒဏ်ရာရရှိသူဒေသခံ ၁၀ ဦးအတွက် တာဝန်ရှိသူတွေ ကို အရေးယူပေးဖို့ ဆားလင်းကြီး မြို့မရဲစခန်း မှာ ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တွေက ဒီကနေ့ အမှုဖွင့် လိုက်ပါတယ်။
ဒီအမူမှာ တာဝန်ရှိသူတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသ ကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် တိုင်းနဲ့ခရိုင် ရဲမှူးတွေကိုပါ အမည်တပ် တိုင်ကြား တာဖြစ်တယ်လို့ ဆိုပါတယ်။ အမှုဖွင့်ရေးကို လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေများကွန်ရက်က ဦးအောင်သိန်းက ခုလိုပြောပါတယ်။
"ဒေါ်ခင်ဝင်းသေဆုံးမှုအတွက်ဆိုတာ သေမှုသေ ခင်းဖွင့်တယ်ဆိုတာ တရားခံဖော်နိုင်အောင်ဦးမှာ မဟုတ်သေးဘူး၊ တရားခံမဖော်နိုင်သေးခင် ၊ ဖော်လို့မရသေးခင် ကျနော်တို့က အဲဒီအထဲမှာ ပါဝင်ပတ်သက်ပြီးပစ်ခတ်တဲ့ ဒီကုမ္ပဏီ ၂ ခုနဲ့ တာဝန်ရှိတဲ့ နယ်စပ်ရေးရာဝန်ကြီးတို့၊ နောက်ပြီးတော့ အဲ့ဒီမှာရှိနေတဲ့ ခရိုင်ရဲမှူးတို့ဟာ သူတို့ကိုယ်တိုင်ကြီးကြပ် ကွပ်ကဲပြီးတော့ အမိန့်ပေးလို့ ဒီလိုပစ်ခတ် မှုတွေ ဖြစ်ရတဲ့အတွက် တရားခံကိုတော့ ကျနော်တို့က ဖော် ထုတ်ပြောနိုင်ပြီဆိုတဲ့ အဆင့်ဖြစ်နေပြီ"
အခုလိုအမှုဖွင့်တာကို ရဲစခန်းအနေနဲ့ ငြင်းပယ်ခြင်း လက်ခံခြင်းများ မပြုလုပ်သေးဘဲ ပ-နံပါတ် (ပုဒ်မနံပါတ်) ထုတ်ပေးခြင်းမပြုဘူးလို့ ဆိုပါတယ်။ ဒီကိစ္စကို ရဲစခန်းအနေနဲ့ အထက်ကိုတင်ပြပြီးနောက် ခွင့်ပြုချက်ရမှ ပ-နံပတ်ထုတ်ပေးမှာဖြစ်တယ်လို့ ဦးအောင်သိန်းကပြောပါတယ်။ ဒီအမူကို လက်မခံခဲ့ရင်တော့ ပြည်ထောင်စု တရားလွတ်တော်ချုပ်ကို စာချွန်တော်တင်သွားမယ်လို့ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးသိန်းသန်းဦးက ပြောပါတယ်။
"လက်ခံလိုက်တယ်ဆိုရင်တော့ ဒါအစိုးရကတရားလိုလုပ်မှာလေ၊ ဥပဒေအရ ကျနော်တို့က အောက်က လိုက်ပါဆောင်ရွက်လို့ရတယ်လေ၊ လက်မခံဘူးဆိုရင်တော့ ကျနော်တို့က တရားရုံးချုပ်တက် မယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အာဏာပေးစာချွန်တော်ပေါ့နော်၊ ဒီအမှုကိုလက်ခံမယ်"
မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့က ရှေ့နေ ဦးသိန်းသန်းဦး၊ ဦးခင်မောင်စိုး၊ ဥပဒေအကြံပေး ဦးမျိုး၊ ဦးကြီးမြင့်နဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းတို့ဟာ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာက သေဆုံး သူ ဒေါ်ခင်ဝင်းရဲ့မိသားစုဝင်တွေနဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့မိသားစုဝင်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဆားလင်းကြီး မြို့နယ်ရဲစခန်းကို သွားရောက်အမှုဖွင့်စဉ် ရဲစခန်းက သေမှုသေခင်းဖြစ်စဉ်ဆိုပြီး အမှုဖွင့်ပေးခဲ့ပါတယ်။
လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းဒေသ နောက်ဆုံးအခြေအနေတွေကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။