လက်ပံတောင်းတောင်က တရုတ်ဝမ်ပေါင်၊ ယန်စီနဲ့ ဦးပိုင်ကုမ္ပဏီကို ဒေသခံတွေဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ် ဝမ်ပေါင်ကုမ္ပဏီနဲ့ ယန်စီကုမ္ပဏီ၊ စစ်ကောင်စီပိုင် မိုးကြိုး ဆာလဖြူရစ်အက်ဆစ် စက်ရုံတို့ကို ဒေသအခြေပြု သပိတ်စစ်ကြောင်းနဲ့ ဒေသခံတွေက ဩဂုတ်လ ၂၀ ရက်နေ့မှာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
အင်အား ၁၅၀ ခန့်ရှိ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းဟာ ယမားတံတားပေါ်နဲ့ ဆားလင်းကြီးမြို့ထဲက စျေးတစ်ခုအတွင်းမှာ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြခဲ့ကြတာပါ။
တရုတ်ကုမ္ပဏီတွေဟာ စစ်ကောင်စီတပ်အတွက် စခန်းနေရာပေးတာ၊ စစ်ကောင်စီတပ် ကလည်း လုံခြုံရေး အကြောင်းပြပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ ကျူးလွန်နေတာကြောင့် ဆန္ဒပြတာလို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုသပိတ် ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုသက်ဦးက RFA ကိုပြောပါတယ်။
"တရုတ်ကုမ္ပဏီနဲ့ စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လူထုကို အဓမ္မအနိုင်ကျင့် နှိပ်စက်နေလို့ ဆန္ဒပြရခြင်းဖြစ်တယ်။ ဘာတွေအနိုင်ကျင့်တာလဲဆိုတော့ မြန်မာ ဝမ်ပေါင်၊ မြန်မာယန်စီက ရိက္ခာ၊ ကုန်စည်နဲ့ ကြေးပြားတွေသယ်တဲ့အခါမှာ စစ်ကောင်စီက လုံခြုံရေးကင်းတွေ ယူပေးတယ်။ ဒီလိုကင်းယူရင် ဘေးတစ်လျှောက်ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေရှိတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ကနေစပြီး အခုချိန်ထိ ဒီနယ်တွေမှာ ပေးဆပ်ရတာ မနည်းတော့ဘူး။ ဒေသခံ ၂၃ ယောက်ခန့် အသက်ခံရပြီးပြီ။ လူမျိုးသုဉ်းသတ်ဖြတ်တဲ့ပုံစံမျိုးတွေ နှိပ်စက်ပြီးတော့ မီးရှို့သတ်ဖြတ်ခံရတာတွေ ရှိတယ်။ သေနတ်နဲ့ ပစ်သတ်တာတွေရော အမျိုးမျိုးပေါ့လေ။”
ဩဂုတ်လ ၁၅ ရက်နေ့ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ရသလို ဩဂုတ်လ ၁၆ ရက်မှာလည်း သတ်ဖြတ်ခံထားရတဲ့ အမျိုးသားသုံးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ဝက်မှေးရွာက ဒေသခံတချို့လည်း ဩဂုတ်လ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ကုမ္ပဏီက ဖိအားပေးတာကြောင့် ရွှေ့ပြောင်းနေရတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၁၈ ရက်နောက်ဆုံးထားပြီး ဖယ်ပေးဖို့နဲ့ မဖယ်ပေးရင် စက်ယန္တရားတွေနဲ့ ဖယ်ရှားမယ်လို့ ဝမ်ပေါင် ကုမ္ပဏီကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်က လာရောက်ပြောဆိုခဲ့တယ်လို့ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်ကော်မတီဝင် ဦးအောင်မင်းမင်းက RFA ကိုပြောထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးအသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။