လူသိရှင်ကြား အကြမ်းဖက်မှုဖြစ်ကြောင်း ၈၈ အဖွဲ့ပြောကြား


2015.03.05
88-ygn-crackdown-press-305.jpg ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က ရဲနဲ့ လက်ပတ်အနီဝတ်ထားတဲ့လူတွေ ကျောင်းသားနဲ့ အရပ်သားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ကိစ္စ ဖော်ထုတ် အရေးယူပေးဖို့ ၈၈ အဖွဲ့က သတင်းစာရှင်းလင်းစဉ်
Photo: RFA

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြကျောင်းသားတွေ ကို ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ်လူအုပ်စုက အကြမ်းဖက်ဖြိုခွင်း ခဲ့တာဟာ လူသိရှင်ကြား ကျူးလွန်တဲ့ အကြမ်းဖက် မှုဖြစ်ကြောင်း ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ သင်္ဃန်ကျွန်းမြို့နယ်က ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းမှာ မနေ့ညက ကျင်းပခဲ့တဲ့ အရေးပေါ်သတင်းစာရှင်းလင်းပွဲမှာ ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးက ပြောခဲ့တာဖြစ်ပါတယ်။

"ဒီလိုမျိုးအကြမ်းဖက်တဲ့ကိစ္စကို ကျနော်တို့ ဘယ်လိုမှလက်မခံဘူး၊ အထူးသဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေက သူ့ရဲ့လုပ်ပိုင်ခွင့် ဥပဒေဘောင်ထဲက ဆောင်ရွက်တာထက်ကျော် လွန်ပြီးတော့ အရပ်သားတွေကို လက်ပတ် ပတ်ပေးပြီး ဒီလိုအကြမ်းဖက်ခိုင်းတဲ့ကိစ္စကို အထူးသဖြင့်လုံးဝလက်မခံပါဘူး၊ အခုဒီကိစ္စဖြစ် တဲ့ဒေသဟာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေအနေ နဲ့ ဒီကိစ္စကို တုန့်ပြန်ဖြေရှင်းရလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်၊ ဒီလိုအကြမ်းဖက်မှုမျိုးကို အခုလို မီဒီယာတွေကနေတဆင့် ဖော်ထုတ်တာ၊ ကန့်ကွက်တာ အရင်တုန်းက ဒီပဲယင်းမှာလက်သည်မပေါ်ဘူး၊ ဒါဟာလူသိရှင်ကြားကျူးလွန်တဲ့ အကြမ်းဖက်မှု"

မနေ့ညနေက မြို့တော်ခန်းမရှေ့မှာ ကျောင်းသူ ကျောင်းသားတွေကို ရဲတပ်ဖွဲ့နဲ့ စွမ်းအားရှင် လူအုပ်စုက ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ၈၈မျိုးဆက်က မနီလာသိန်း၊ ကိုမျိုးသန့်နဲ့ မနုနုအောင်တို့ အပါအဝင် စုစုပေါင်း ၈ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ကိုလည်း ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

ဒီအတောအတွင်း ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖက်ဖြိုခွင်းရာမှာ စွမ်းအားရှင်ပုံစံမျိုးလူတွေကို အသုံးပြုတာဟာ ဥပဒေနဲ့ မညီညွတ်ကြောင်း ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ မနေ့ညက လက်ပံတန်းမြို့မှာ သပိတ်စခန်းဖွင့်ထားတဲ့ ကျောင်းသူကျောင်းသားတွေက အခမ်းအနားကျင်းပပြီး ကန့်ကွက်ခဲ့တာပါ။ အခမ်းအနားမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဥက္ကဌ ကိုကျော်ကိုကိုက

"ဒီမိုကရေစီပညာရေး သပိတ်မှောက်စစ်ကြောင်းအား တားဆီးခံထားရတဲ့ကျောင်းသားတွေ အတားအဆီးတွေ ဖယ်ရှားပေးဖို့အတွက်ကို ဆန္ဒပြတဲ့နေရာမှာ အကြမ်းဖက်ပြီး ဖမ်းဆီးနေတယ်ဆိုတဲ့ အခြေအနေတွေလည်းတွေ့ရတယ်၊ ဖမ်းဆီးတဲ့အခါမှာ တာဝန်ရှိတဲ့ရဲတွေသာမက တာဝန်ဆိုတဲ့လက်ပတ် ကိုပတ်ရုံနဲ့ ဘယ်ကမှန်းမသိပေါ်ပေါက်လာတဲ့ စွမ်းအားရှင်လိုလူတွေကလည်း ဖမ်းဆီးနေတယ်ဆို တာကိုတွေ့ရတယ်၊ ဒါဟာနိုင်ငံတစ်နိုင်ငံမှာ ဥပဒေနဲ့မညီညွှတ်တဲ့လုပ်ရပ်ဖြစ်တယ်၊ ကျနော်တို့လက်မခံဘူး၊ ဒီနေ့ဖမ်းဆီးခံရတဲ့ ကျနော်တို့ရဲ့ညီအစ်ကိုတွေ၊ ရဲဘော်တွေကိုလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် ဂုဏ်ပြုတဲ့အနေနဲ့ရော ဒီနေရာမှာ ဒီအခမ်းအနားကိုကျင်းပရခြင်းဖြစ်ပါတယ်"

အကြောင်း RFA ဝိုင်းတော်သူ မသင်းသီရီ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။