တက္ကသိုလ်ကျောင်းသား ကိုဗညားစိုးထက် ထောင် ၁၀ နှစ်ထပ်ချခံရ၊ စုစုပေါင်း ၈၄ နှစ်ရှိလာ

RFA Burmese
2023.04.30
တက္ကသိုလ်ကျောင်းသား ကိုဗညားစိုးထက် ထောင် ၁၀ နှစ်ထပ်ချခံရ၊ စုစုပေါင်း ၈၄ နှစ်ရှိလာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒအထူးပြုဘွဲ့ရ ကျောင်းသား ကိုဗညားစိုးထက်အား တွေ့ရစဉ်။
မြဝတီ သတင်းစာ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒအထူးပြုဘွဲ့ရကျောင်းသား ကိုဗညားစိုးထက်ကို စစ်ကောင်စီရဲ့ အင်းစိန်ထောင် အထူးတရားရုံးက ဧပြီလ ၂၈ ရက်မှာ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ - ည နဲ့ ထောင် ၁၀ နှစ်ထပ်ချလိုက်တယ်လို့ ကိုဗညာစိုးထက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူ ကိုဗညားစိုးထက်ဟာ လူသတ်မှုအပါအဝင် ပုဒ်မနှစ်ခုအတွက် ထောင် ၇၄ နှစ်ချခံထားရသူဖြစ်ပြီး အခုထပ်ချလိုက်တဲ့ ၁၀ နှစ် အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၈၄ နှစ်အထိရှိလာပြီဖြစ်ပါတယ်။

အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့ Yangon Revolution Force – YRF အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ ကိုဗညားစိုးထက်ဟာ မတရားအမိန့်နဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံထားရတာလို့ YRF တာဝန်ခံက RFA ကို ပြောပါတယ်။

“ဥပဒေဆိုတာ သူတို့လက်ထဲမှာပဲရှိနေတော့ သူတို့စိတ်ကြိုက်စီစဉ်ပြီး မတရား အမိန့်ချနေတာပါ။ အကျဉ်းကျခံထားရတဲ့ ရဲဘော်တွေကလည်း ဆက်လက် တိုက်ပွဲဝင်နေကြောင်း ပြောကြပါတယ်။ ဒီလိုမတရားအမိန့်ချလို့ ကျွန်တော်တို့ရဲ့ အာဏာရှင်ဆန့်ကျင်ရေးက ရပ်တန့်မသွားပါဘူး”

ကိုဗညားစိုးထက်ဟာ စစ်ကောင်စီပိုင် Mytel ရုံးချုပ် အထွေထွေမန်နေဂျာ ဦးသိန်းအောင် ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းက ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို သေနတ်နဲ့ပစ်သတ်ရာမှာ ပါတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ တစ်နိုင်ငံလုံးမှာ ထောင်ဒဏ်ချမှတ်ခံရသူ ၅၇၂၄ ဦး ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။