ထားဝယ်တက္ကသိုလ်ကျောင်းသား ကိုးဦး ထောင်ဒဏ် ကိုးနှစ်ချမှတ်ခံရ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2022.02.24
ထားဝယ်တက္ကသိုလ်ကျောင်းသား ကိုးဦး ထောင်ဒဏ် ကိုးနှစ်ချမှတ်ခံရ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ကိုးနှစ်စီ ချမှတ်ခံလိုက်ရသော ထားဝယ်မှ တက္ကသိုလ်ကျောင်းသား ကိုးဦး။
Photo: Dawei University Students' Union

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ဖမ်းဆီးခံထားရတဲ့ တက္ကသိုလ်ကျောင်းသား ၉ ယောက်ကို စစ်ကောင်စီတရားရုံးက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ် ၉ နှစ်စီ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်နေ့က ထားဝယ်မြို့ပေါ် စားသောက်ဆိုင်တစ်ဆိုင်မှာ ဆန္ဒပြဖို့ လူစုနေချိန်မှာ တက္ကသိုလ် ကျောင်းသား ကိုးယောက် ဖမ်းဆီးခံရကြောင်း RFA က သတင်းဖော်ပြခဲ့ပါတယ်။

"လူငယ်ဆိုတာကတော့ အနာဂတ်အတွက် အားကိုးရမယ့်သူတွေပါ။ ဒီကိုးယောက်ထဲမှာ ပါတဲ့သူတွေ ဆိုရင်လည်း အင်မတန်ငယ်သေးတယ်။။"

အဲ့ဒီကျောင်းသားတွေကို ဖမ်းဆီးထားပြီး တစ်နှစ်နီးပါးအကြာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာမှ စစ်ကောင်စီ ထောင်တွင်း တရားရုံးကနေ ကိုးနှစ်စီ ချလိုက်တာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူက အခုလိုပြောပါတယ်။

"သူတို့ကို ၅၀၅ (က) ၊ ၅၀၅ (ဂ)၊ ၅၂ (က) အဲ့ဒီပုဒ်မ သုံးခုနဲ့ စွဲတယ်။ ဒီလူငယ်ကိုးယောက်မှာ ရှစ်ယောက်က ကျောင်းသား၊ မတူညီတဲ့ တက္ကသိုလ်တွေကပါ။ ကျန်တဲ့တစ်ယောက်ကတော့ ဆယ်တန်းအောင်ကျောင်းသား၊ သူတို့ အသက်တွေက ၂၀ ကနေ ၂၆ လောက်ထိပဲ ရှိသေးတယ်"

ထောင်ကိုးနှစ် ချခံရသူတွေကတော့… ကိုရဲမင်းကျော်၊ ကိုကျော်ဇေယျ၊ ကိုအောင်မျိုးဟိန်း၊ ကိုအေးစိုးပိုင်၊ ကိုအောင်မျိုးထွေး၊ မစုလှိုင်နွေး၊ မစန်းမြတ်မြတ်ထူး၊ မထက်ထက်ဇော်၊ မအိသန္ဒာ တို့ ဖြစ်ပါတယ်။

သူတို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ထားဝယ်တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်က ကျောင်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ထောင်ချခံရတဲ့သူတွေထဲက မစုလှိုင်နွေးဟာ သားအိမ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ အသက် ၂၆ နှစ် ရှိပြီဖြစ်တဲ့ မစုလှိုင်နွေးအတွက် ဆေးကုသခွင့် တောင်းထားပေမယ့် အခုထိ မရသေးဘူးလို့ ဆိုပါတယ်။ ဆန္ဒပြရုံလောက်နဲ့ ဒီလို ထောင်နှစ်ရှည် မချသင့်ဘူးလို့လည်း အဲ့ဒီမိသားစုဝင်က ပြောပါတယ်။

မစုလှိုင်နွေးရဲ့ အခြေအနေကို ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူက အခုလိုဆက်ပြောပါတယ်။

"သားအိမ်နဲ့ ပတ်သက်တဲ့ရောဂါ၊ အဲ့ဒီရောဂါကို အပြင်မှာကတည်းက ဖြစ်နေတာ၊ ထောင်ထဲမှာ ပိုဆိုးသွားတယ်။ စားရတဲ့ အစားအစာ ပုံစံထိုင်ရ၊ လုပ်အားပေးတွေ လုပ်ရဆိုတော့ ရောဂါအခြေအနေက ပိုဆိုးလာတယ်"

ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးထောင်ချခံထားရတဲ့ ယောက်ျားလေး အယောက် ၁၅ဝ ကျော်နဲ့ မိန်းကလေး အယောက် ၃၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ အများစုဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) တို့နဲ့ တရားစွဲခံထားရသူတွေပါ။

အဲ့ဒီထဲမှာ သားအိမ်ရောဂါသည် မစုလှိုင်နွေး အပါအဝင် အမျိုးသမီးလေးဦး၊ အမျိုးသားတစ်ဦး ဆေးကုသဖို့ လိုနေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။

ဆန္ဒပြခေါင်းဆောင် အဖြစ်ကနေ စစ်ကောင်စီကို ပြန်တိုက်ဖို့ လက်နက်စွဲကိုင်လာသူ လူငယ်တစ်ဦးကတော့ ...

" လူငယ်ဆိုတာကတော့ အနာဂတ်အတွက် အားကိုးရမယ့်သူတွေပါ။ ဒီကိုးယောက်ထဲမှာ ပါတဲ့သူတွေ ဆိုရင်လည်း အင်မတန်ငယ်သေးတယ်။ တက်လမ်းတွေ အများကြီး ရှိသေးတယ်။ ကိုယ့်သားသမီးချင်း မစာမနာ ဒီလိုနှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် စိတ်မကောင်းဘူး။ ဒါပေမဲ့ ဒီလူငယ်တွေကတော့ ယုံကြည်ချက်ပြင်းထန်တဲ့ လူငယ်တွေပါ" လို့ ပြောပါတယ်။

ထားဝယ်တက္ကသိုလ်ကျောင်းသားတွေ အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၂၄ ရက် နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အတွင်း အရပ်သား ၁၅၇၉ ယောက် သေဆုံးခဲ့ရပြီး လူပေါင်း ၁၂၃၈၆ ယောက် အဖမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။