ပခုက္ကူက တက္ကသိုလ် ကျောင်းသား လေးဦး အဖမ်းခံရ

2022.03.05
ပခုက္ကူက တက္ကသိုလ် ကျောင်းသား လေးဦး အဖမ်းခံရ မကွေးတိုင်း၊ ပခုက္ကူမြို့တွင်းတစ်နေရာကို တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ မတ်လ ၄ ရက် မနေ့က ကျောင်းသားလူငယ် လေးဦး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ်။

မတ်လ ၄ ရက် မနေ့က နေ့လယ်ပိုင်းက ပခုက္ကူ-ကမ္မ မြို့ရှောင်လမ်း စစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်စီးလာတဲ့ ပခုက္ကူ နည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုလင်းဆက်အောင်နဲ့ သူ့သူငယ်ချင်းကို ဖမ်းဆီးခဲ့ပြီးနောက် စားသောက်ဆိုင်မှာလည်း နောက်ထပ် ကျောင်းသား နှစ်ဦး ထပ်မံအဖမ်းခံလိုက်ရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"လမ်းမှာအဖမ်းခံရတဲ့ လူငယ်နှစ်ယောက်ကတစ်ဆင့် ဖုန်းနဲ့ အယောင်ဆောင်ဆက် သွယ်ပြီး သူ့သူငယ်ချင်းတွေကို ပခုက္ကူမြို့ပေါ်က 7 Star စားသောက်ဆိုင်ကိုခေါ်ပြီး စောင့်ခိုင်းထားတာပေါ့ဗျာ။ ရောက်တဲ့အချိန်မှာ သူတို့ဝင်ရောက် ပစ်ခတ်ဖမ်းဆီး တာပေါ့။ အဲဆိုင်က စားပွဲထိုး တစ်ယောက်ကလည်း ကျည်ဆံမှန်သွားတယ်"

သူတို့လေးယောက်စလုံးဟာ အသက် ၁၈ နှစ်ကနေ ၂၃ နှစ်အရွယ်တွေဖြစ်ကြပြီး ပခုက္ကူမြို့က တက္ကသိုလ် ကျောင်းသားတွေဖြစ်ကြတယ်လို့ ပြောပါတယ်။

ပခုက္ကူ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ကတော့ စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေကို နေ့စဉ်ရက်ဆက် ဖမ်းဆီးသတ်ဖြတ် တာတွေ လုပ်ဆောင်နေတယ်လို့ ဒီကနေ့ မတ်လ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အခုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပခုက္ကူမြို့လမ်းဆုံတွေ မြို့အဝင် အထွက်နဲ့ ပေါက်လမ်းအထွက်က စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေရဲ့ စစ်ဆေး ရေးဂိတ်တွေမှာ လုံခြုံရေးတင်းကျပ်နေပြီး မနေ့ညနေပိုင်းကလည်း အမှတ် ၁၅ ရပ်ကွက် ဆင်ပေါက်လှ ၁ လမ်းကို ဝင်ရောက်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။