တိုင်းရင်းသူတွေအပေါ် တပ်မတော် ကျုးလွန်နေဆဲ အစီရင်ခံစာသစ် ထုတ်ပြန်


2014.11.25
women-violent-305.jpg ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ နိုဝင်ဘာလ ၂၅ ရက်နေ့ကကျင်းပတဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ဒေသခံအမျိုးသမီးတွေအပေါ် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေ ဆဲဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးနေ့ အထိမ်းအမှတ်နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အစိုးရစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အမှုဆောင်အဖွဲ့ဝင် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး ကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယင်းဟန်ဖက အစီရင်ခံစာပါအချက်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်လက်ရှိနေတယ်ဆိုတာ ကျမတို့ မီးမောင်းထိုးပြထားတာဖြစ်ပါတယ်၊ ကျမတို့ အစီရင်ခံစာမှာဆိုလို့ရှိရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကတော့ မြန်မာတပ်မတော်က ပြုကျင့်ထားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပါတယ်၊ မုဒိန်းကျင့်တဲ့ကိစ္စတွေပါတယ်၊ အုပ်စုလိုက် မုဒိန်းကျင့်တာရှိတယ်၊ တစ်ဦးချင်းအလိုက် မုဒိန်းကျင့်တာရှိတယ်၊ ကြံရွယ်တာလည်း ပါတာပေါ့နော်"

အဲဒီအစီရင်ခံစာကို ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေမှာ စစ်တမ်းကောက်ခံခဲ့တာဖြစ်ပြီး မြန်မာတပ်မတော်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖို့ ကြိုးစားခဲ့တဲ့ အမှုပေါင်း ၁၁၈ ခုရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးနေ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့ စိမ်းလန်းစိုပြေဥယျာဉ်မှာ အမျိုးသမီးအဖွဲ့တွေက ကျင်းပခဲ့ကြသလို စစ်တွေ၊ ဗန်းမော်နဲ့ ထားဝယ်မြို့ တွေမှာလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။