အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု အကာအကွယ်ပေးရေး တိုက်တွန်း


2016.03.29
women-violence-press-620.jpg အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု အကာအကွယ်ပေးနိုင်ဖို့ သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပနေစဉ်
Photo: Zarni Htun/ RFA

အစိုးရအနေနဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို အကာအကွယ်ပေးနိုင်ဖို့အတွက် နှစ်ရှည်စီမံကိန်းတွေ ရေးဆွဲ ထားပေမယ့် လက်တွေ့အကောင်ထည်ဖော်မှု မရှိကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေက ပြောပါတယ်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် Orchid Hotelမှာ ကျင်းပတဲ့ "မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုတားဆီးကာကွယ်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်း ဆိုင်ရာ ဝန်ဆောင်မှုများနဲ့ အမျိုးသမီးများ ရယူနိုင်မှု" အစီရင်ခံစာထုတ်ပြန်ပွဲ နဲ့ သတင်းစာရှင်းလင်းပွဲမှာ ပညာ့ရှေ့ဆောင်အဖွဲ့က ဒေါ်လွေးအေးနန်း က ပြောပါတယ်။

"အမျိုးသမီးတွေရဲ့ဘဝအဆင့်အတန်း တိုးတက်မြင့်မားဖို့အတွက် စီမံကိန်းဆိုပြီးတော့ ၁ဝ နှစ်တာစီမံကိန်း ၂၀၁၃ ကနေ ၂၀၂၂ ထိ မဟာဗျူဟာစီမံကိန်းရေးဆွဲ ထားတာရှိတယ်၊ ၂ဝ၁၃ ကနေစတော့ ခုချိန်ကြည့်မယ် ဆိုရင် ၃ နှစ်တောင် ရှိသွားပြီပေါ့နော်၊ ဒါပေမဲ့ အဲ့စီမံကိန်းက စာအုပ်ထဲမှာကြည့်လို့ရှိရင် မြန်မာပြည်မှာ အမျိုးသမီးဖြစ်ရတာ အင်မတန်ဂုဏ်ယူတယ်၊ လူဖြစ်ရကျိုးနပ်တယ်ပေါ့နော်၊ ဒီတိုင်းသာအကောင် အထည်ဖော်မယ်ဆိုရင်ပေါ့၊ ဒါပေမယ့်ခုချိန်ထိ အကောင်အထည်ဖော်ခွင့်မရှိဘူး၊ စာအုပ်ထဲမှာပဲရှိတယ်"

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေမူကြမ်းတွေကို အစိုးရက ရေးဆွဲနေ ဆဲဖြစ်ပြီး ပြည်နယ်တွေမှာရှိတဲ့ အမျိုးသမီးတွေက အဲဒီဥပဒေတွေ ပေါ်ထွက်လာဖို့ မျှော်လင့်နေကြောင်းလည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

အဲ့ဒီအစီရင်ခံစာကို ကချင်၊ ကယား ၊ ကရင်နဲ့ ချင်း ပြည်နယ်တွေ အပါအဝင် ပြည်နယ်နဲ့ တိုင်း ၁၂ ခုမှာ အမျိုးသမီး အဖွဲ့အစည်း ၁၅ ခုက စစ်တမ်းကောက်ယူထား တာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ပညာ့ရှေ့ဆောင်အဖွဲ့၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ မတူပီမြို့နယ် အမျိုးသမီး အဖွဲ့အစည်း၊ ကယားပြည်နယ် အမျိုးသမီးအစည်းအရုံး စတဲ့ အမျိုးသမီးအဖွဲ့ ၅ဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး အမျိုးသမီးတွေ အကြမ်းဖက် ခံရမှုအပေါ် ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးရရှိဖို့၊ အကြမ်းဖက်မှု ကာကွယ် တားဆီးရေး သင်တန်းပေးဖို့၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် စိတ်ချလုံခြုံတဲ့ ဂေဟာတွေ ရရှိဖို့အတွက် အစိုးရသစ် ထံ တောင်းဆိုကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။