အာဆီယံဆုံးဖြတ်ချက်ကို ဒီမိုကရက်အင်အားစုတွေ သဘောမတူ
2021.04.28
အာဆီယံအထူးအစည်းအဝေးကနေထွက်လာတဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ တရားမျှတမှု မရှိဘဲ စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် သဘောတူညီချက်တွေသာ ဖြစ်တယ်လို့ နိုင်ငံရေး သမားတွေ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက ထောက်ပြဝေဖန်လိုက်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်နဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေး အဖွဲ့အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး တို့ကတော့ အာဆီယံသဘောတူညီချက်တွေဟာ မျှတတဲ့ တောင်းဆိုချက်တွေဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ လုပ်ခဲ့တဲ့ အာဆီယံနိုင်ငံက ထိပ်သီး ခေါင်းဆောင် တွေ အစည်းအဝေးက ထွက်လာတဲ့ ဘုံသဘောတူညီချက် ငါးခုဟာ၊ မြန်မာပြည်တွင်းက နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သလို ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို စော်ကားသလို ဖြစ်နေတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ရဲ့ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။
"အာဆီယံရဲ့ ဘုံသဘောတူညီချက်ထွက်လာတဲ့ အချက် ငါးချက်ဟာ မြန်မာနိုင်ငံရဲ့လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအတွက် ဘာမှအကျိုးဖြစ်ထွန်းမယ်လို့ ယုံကြည်စရာမတွေ့ရဘူး။ ပြဿနာဖြေရှင်းရေးကို အကျိုးမရှိတဲ့အပြင် စစ်ကောင်စီက အချိန်ဆွဲဖို့အတွက် အကျိုးရှိသွားနိုင် တယ်လို့တောင်မှ ယူဆလို့ ရတဲ့ အနေအထာရှိပါတယ်။ တစ်ချက်ချင်းကို ကြည့်လိုက်ရင်လည်း ဒီတိုင်းပဲ။ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်ဆိုရင် အခုဖြစ်နေတဲ့ သတ်ဖြတ်မှုတွေကို ရပ်ဖို့လိုတယ်။ သူတို့က အကြမ်းဖက်မှုတွေကို ရပ်ဖို့ဆိုတာကလည်း နှစ်ဘက်လုံးကို ပြောတဲ့သဘောဖြစ်နေတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲံ့ ပြည်သူတွေကိုပါ အကြမ်းဖက်တယ်လို့ ရောပြီးတော့ စွပ်စွဲလိုက်သလို ဖြစ်သွားတယ်။ ဒီအချက်ကလည်း ယဉ်ကျေးစွာ နွေဦးတော်လှန်ရေး လုပ်နေတဲ့ပြည်သူတွေကို စော်ကားသလို ဖြစ်ပါတယ်။"
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတာ စစ်ကောင်စီပဲဖြစ်ပြီး ဒီအကြမ်းဖက်မှု တွေကို အာဆီယံက ကြားဝင်ညှိနှိုင်းဖို့ ကြိုးစားနေတဲ့အပေါ် ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။
အာဆီယံက သူ့ထုံးစံအတိုင်း အစိုးရအချင်းချင်း ဆက်သွယ်တဲ့ပုံစံကိုပဲ ဦးတည်နေတာဖြစ်သလို၊ NUG၊ CRPH နဲ့ စစ်ကောင်စီကို နှစ်ဘက်မျှ စဉ်းစားနေတဲ့သဘော တွေ့ရတဲ့အတွက်၊ သူတို့မှာ တိကျပြတ်သားတဲ့ မူဝါဒ မရှိဘူးလို့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကထောက်ပြပါတယ်။
ဒါနဲ့ပတ်သက်လို့ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က -
"သဘောထားထုတ်ပြန်ချက် နံပါတ် ၁ မှာ အကြမ်းဖက်လုပ်ဆောင်မှုတွေကို ရပ်တန့်ပါဆိုတာမျိုး ပြောတယ်ဆိုကတည်းကလွဲနေပီ။ အကြမ်းဖက်နေတာက စစ်ကောင်စီက အကြမ်းဖက်နေတာ။ တစ်ဘက်မှာ လူထုက ခံနေရတယ်။ လူထုဘက်မှာ CRPH ဖွဲ့စည်းထားတဲ့ NUG ရှိတယ်။ သူ့ရဲ့ရပ် တည်ချက်က သိပ်ပြီး မှန်ကန်တဲ့အနေအထား မရှိဘူးလို့ မြင်ပါတယ်။ နောက်အခြားအချက် အလက်တွေ ထည့်ပြီးပြောမယ်ဆိုရင်လည်း ထိုနည်းတူပါပဲ။ အနည်းဆုံးအဆင့်ကတော့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုတဲ့ တစ်ခုကလွဲရင် ကျန်တာတွေက သိပ်ပြီးတော့ အဆီအငေါ်မတည့်ဘူးလို့ ပြောလို့ရပါတယ်။"
စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတော့သလို လူထု ဆန္ဒနဲ့လည်း မကိုက်ဘူးဆိုတာ အာဆီယံကိုယ်တိုင် သိမြင်ဖို့လိုတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်ကတော့ -
"ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ၊ အာဆီယံအနေနဲ့ ဒေသတွင်း နိုင်ငံတစ်ခုရဲ့ အခင်းအကျင်း ကို သူတို့အနေနဲ့ အလေးအနက်ထားတယ်ဆိုတာကို ပြသသလို၊ တစ်ဘက်ကလည်း တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်ဘက်က ဝင်မစွက်ဘူးဆိုတဲ့မူကို အခြေခံတာဖြစ်တဲ့အတွက် ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ၊ နှစ်ဘက် အကောင်းဆုံးအခြေအနေတစ်ခုကို ညှိနှိုင်းတိုင်ပင်ပြီး သွားနိုင်ဖို့ ဆောင်ရွက်ထားတဲ့ အနေအထားလေး ရှိနေတယ်လို့ ကျနော်သုံးသပ်ပါတယ်။"
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ နိုင်ငံ့အကြီးအကဲတစ်ယောက်၊ တပ်မတော်ရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပေးထားတဲ့ ကတိကဝတ်အပေါ်မှာ တိတိကျကျ ခိုင်ခိုင်မာမာနဲ့ အကောင် အထည်ဖော် ဆောင်ရွက်သွားမယ်လို့ လေးလေးနက်နက် ယုံကြည်တယ်လို့လည်း ဒေါက်တာ နန္ဒာလှမြင့် ကဆိုပါတယ်။
အာဆီယံတောင်းဆိုချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာက တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ လိုသေးတယ်လို့လည်း သူက ဖြည့်စွက်ပြောဆိုပါတယ်။
စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြနေတဲ့ မျိုးဆက်သစ်လူငယ် GZ တွေကတော့ အာဆီယံက စစ်တပ်မှာ အပြစ်ရှိတယ်ဆိုတဲ့အကြောင်း လုံးဝမပြောသွားဘဲ၊ ညှိနှိုင်းမယ်ဆိုတာမျိုးပဲ ပြောတာကို လုံးဝလက်မခံနိုင်ဘူးဆိုပြီး ကန့်ကွက်နေကြပါတယ်။
ဒီသဘောနဲ့ပတ်သက်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ ဂျန်နရေးရှင်းဇီမျိုးဆက် လူငယ် တစ်ယောက်က အခုလိုပြောပါတယ်။
"သူတို့တောင်းဆိုချက် အချက် ငါးချက်ထဲမှာ ဒီမိုကရေစီရေးတို့၊ တရားမျှတရေးတို့ ဒါမျိုးတွေတောင် မပါနိုင်ခဲ့ဘူး။ လူသတ်ကောင်ကို အစည်းအဝေးခန်းမထဲ ထည့်လိုက်တာကို လူသတ်ကောင်အတွက်က သူက အာဆီယံမှာ ကိုယ်ထင်ပြလို့ရနေတုန်း။ အာဆီယံထဲမှာ နိုင်ငံတစ်နိုင်ငံအနေနဲ့ သူကိုယ်တိုင် ကိုယ်စားပြုမှု ရှိနေသေးတယ်ဆိုတာမျိုး တရားဝင် အသိအမှတ်ပြုလိုက်တာ။ အာဆီယံက မင်းအောင်လှိုင် ကို အဲလိုဖြစ်သွားတယ်။"
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ဆွေးနွေးရမယ့် ကိစ္စမဟုတ်ဘဲ အကြမ်းဖက် လုပ်ရပ်တွေ လုပ်နေတဲ့ စစ်ကောင်စီကိုသာ ပြတ်ပြတ်သားသား ကမ္ဘာ့ခုံရုံးတင်ရမှာလို့ သူက ဆိုပါတယ်။
မြန်မာပြည်တွင်းနိုင်ငံရေးမှာ တစ်ဘက်နဲ့တစ်ဘက်ပြောဆိုညှိနှိုင်းဖို့ အချိန်ကြာလာတာနဲ့အမျှ၊ အခြေ အနေတွေ ပိုဆိုးလာနိုင်ပြီး၊ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် တိုင်းပြည်နစ်နာမှု ပိုကြီးနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
"ရေရှည်ဒီလိုဖြစ်လာမယ်ဆိုရင် နိုင်ငံရဲ့နစ်နာမှု ကြီးမားပြီး နိုင်ငံရဲ့ စီးပွားရေးဟာ ချွတ်ခြုံကျပြီးတော့ နိုင်ငံဟာ ပြည်တွင်းစစ်တွေ ပြန်ဖြစ်လာနိုင်ပြီး (Failed State) ကျရှုံးနိုင်ငံ အဖြစ်သို့ လုံးဝရောက်ရှိ သွားမှာ သေချာတယ်။ တစ်ဘက်နဲ့တစ်ဘက်ညှိနှိုင်းပြောဆိုဖို့ဆိုတာ ဒီအချိန်မှာ တဖြည်းဖြည်း ခြေလှမ်းတွေ ကျွံလာတဲ့အခါ မဖြစ်နိုင်တဲ့ အခြေအနေမျိုးထိ ရောက်လာတယ်။ ရေကုန်မီးကုန် တိုက်ကြ တော့မယ် ဆိုရင်တော့ နိုင်ငံအနေနဲ့ တော်တော် အခက်အခဲ အကျပ်အတည်းဖြစ်ပြီးတော့ နိုင်ငံကတော့ (Failed State) ကျရှုံးနိုင်ငံမျိုးဖြစ်သွားမှာ သေချာသလောက် ဖြစ်နေပါတယ်။"
အာဆီယံထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေး သဘောတူညီချက် ငါးခုကတော့ အကြမ်းဖက် သတ်ဖြတ်မှု များ အဆုံးသတ်ရေး၊ အင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး၊ အာဆီယံဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေးနဲ့ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ရေးတို့ ဖြစ်ပါတယ်။
အာဆီယံက တောင်းဆိုထားတဲ့ အချက်တွေဟာ အမျိုးသား အကျိုးစီးပွားနဲ့ ကိုက်ညီအောင် ထုတ်ပြန် ရေးဆွဲထားတဲ့ ဥပဒေမျိုးနဲ့ ညီညွတ်နေရင် စစ်ကောင်စီဘက်က လိုက်လျောနိုင်သမျှ လိုက်လျောပေးသွား လိမ့်မယ်လို့ ယုံကြည်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦး က ဆိုပါတယ်။
"လူ့အခွင့်အရေး ဦးစားပေးပြီး ရှေ့တန်းတင်တဲ့အခါမှာတော့ သူတို့ဘက်က အချက်က အရေးကြီးနေမယ်။ ကျွန်တော်တို့ဘက်ကတော့ အမျိုးသား အကျိုးစီးပွားအရ ကိုယ့်ဘက်ကလုပ်ပေးနိုင်တဲ့ ကိစ္စတွေအားလုံး ဥပဒေဘောင်ထဲကအညီ လုပ်ပေးမယ်လို့ ယုံကြည်ထားတယ်။ သေချာတာကတော့ အဆင့်လိုက် သွားဖို့တော့ မြင်ထားတယ်။ သူတို့မျှော်လင့်သလောက်တော့ အရမ်းကြီး မြန်ချင်မှမြန်လိမ့်မယ်။ ဒါပေမဲ့ သေချာတာကတော့ အဲဒီ ငါးချက်အတွင်းမှာပဲ ဖြစ်နိုင်တဲ့အချိန် လုပ်နိုင်တဲ့အချိန်အတွင်းမှာ အပိုင်းလိုက် လုပ်ပေးသွားမယ်လို့ ပြောနိုင်ပါတယ်။"
ဘုံသဘောတူညီချက် ငါးချက်ထဲက အာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားပြီး နိုင်ငံရေး အကျပ် အတည်း ကို ကြားဝင်ဆောင်ရွက်ဖို့ ထည့်သွင်းထားပေမယ့် ဒီအဆိုပြုချက် ခရီးစဉ်တွေကို ပြည်တွင်းရေး တည်ငြိမ်မှ လက်ခံစဉ်းစားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အစည်းအဝေးမှာ ပြောဆိုခဲ့တဲ့အကြောင်းကို ဧပြီလ ၂၆ ရက် ည ၈ နာရီက မြန်မာအသံရုပ်မြင် သံကြားကနေ ထုတ်လွှင့်ခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံခေါင်းဆောင်တွေက ပြောပေမယ့် စစ်ကောင်စီ ဥက္ကဋ္ဌက တိုင်းပြည်အခြေအနေတည်ငြိမ်သွားမှ အာဆီယံကိုယ်စားလှယ်တွေ ဝင်ရောက်ခွင့်ပြုမယ် ဆိုတာဟာ ဖိနှိပ်သတ်ဖြတ်မှုတွေ ဆက်လုပ်နိုင်ဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောပါတယ်။
"ဘုံသဘောတူညီချက် ငါးချက်ထဲမှာ မပါတာက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေးဆိုတာ တစ်ချက်မှမပါဘူး။ အဲလိုလွှတ်ဖို့လည်း မင်းအောင်လှိုင်က သဘောထား မရှိဘူး။ အဲဒီအပေါ်မှာ မတရားသဖြင့် စစ်အာဏာသိမ်းပြီး ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်မပေးဘဲနဲ့ မြန်မာပြည်ပြဿနာဖြေရှင်းဖို့အတွက် ဘယ်သူနဲ့ဆွေးနွေးမှာလဲ။ ဘယ်သူနဲ့မှ ဆွေးနွေးစရာမရှိဘူး။ အဲဒီတော့ ထိန်းသိမ်းခံရတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ရေးဆိုတဲ့ အချက်မပါတဲ့ ဘုံသဘောတူညီချက် ငါးချက်ဟာ မြန်မာပြည်ရဲ့ပြဿနာကို မဖြေရှင်းနိုင်ဘူး။"
မြန်မာနိုင်ငံအတွက် ကျင်းပတဲ့ အာဆီယံရဲ့ အထူးအစည်းအဝေးဟာ တရုတ်ရဲ့ ဩဇာ သက်ရောက်မှုတွေ အများကြီးပါနေတယ်လို့လည်း ဂျန်နရေးရှင်း ဇီ မျိုးဆက်လူငယ်တွေက သုံးသပ်နေကြပါတယ်။
အာဆီယံအစည်းအဝေးမတိုင်ခင် မြန်မာပြည်တွင်းရေးကို အာဆီယံအနေနဲ့ ဝင်မစွက်ဖို့ တရုတ် နိုင်ငံက ပြောကြားထားပါတယ်။ အာဆီယံဟာ မြန်မာပြည်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒါဟာ ပထမဆုံးအကြိမ် အထူးအစည်းအဝေးအနေနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဒီအစည်းအဝေးကလည်း ဘာမှ မထူးခြားတဲ့ အစည်းအဝေး ဖြစ်တယ်လို့လည်း နိုင်ငံရေးသုံးသပ်သူတွေက ထောက်ပြ ဝေဖန်ကြပါတယ်။