ဒုတိယ သမ္မတ နုတ်ထွက်စာတင်ပြီလား
2012.05.06

မြန်မာအစိုးရက ဒီသတင်းကို အတည်မပြုသေးပေမယ့် နေပြည်တော်က ထိပ်တန်းအရာရှိ တစ်ဦးကတော့ သမ္မတ ဦးသိန်းစိန်ဟာ ကျန်းမာရေး အကြောင်းပြခဲ့တဲ့ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ နှုတ်ထွက်စာကို လက်ခံဖို့ စဉ်းစားနေကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံဥပဒေအရ နှုတ်ထွက်စာကို လက်ခံမယ်ဆိုရင် ၂၁ ရက်အတွင်း လွှတ်တော်ခေါ်ယူကာ တခြားပုဂ္ဂိုလ်တစ်ဦးကို ဒုတိယသမ္မတအဖြစ် ခန့်အပ် တာဝန်ပေးရမှာ ဖြစ်တဲ့အတွက် လာမယ့် ဇူလိုင်လဆန်း လွှတ်တော် ပြန်လည် မကျင်းပခင်အတွင်း ဒီသတင်းကို ကြေညာမှာမဟုတ်ကြောင်း RFA ကိုပြောပါတယ်။
ဒါ့အပြင် ဝန်ကြီးတချို့ကို ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက် နောက်ပိုင်းမှာ ရာထူးတာဝန် ပြောင်းလဲဖို့ အစီအစဉ် ရှိခဲ့ပေမယ့် NLD ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖို့ ငြင်းဆန်တဲ့ ပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အဲဒီဝန်ကြီးတွေ ရာထူးတာဝန် ပြောင်းလဲမယ့် ကိစ္စကိုလည်း ဇူလိုင်လ လွှတ်တော်ပြန်စပြီးမှ ကြေညာဖို့ရှိကြောင်း သိရပါတယ်။
အဲဒီလို ရာထူးတာဝန်တွေ ပြောင်းလဲတဲ့အခါ လက်ရှိ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းဟာ ပြန်ကြားရေးဝန်ကြီး တာဝန်ကို ဆက်လက်ထမ်းဆောင်တော့မှာ မဟုတ်ဘဲ ယဉ်ကျေးမှုဝန်ကြီးဌာန တစ်ခုကိုပဲ ဆက်လက်တာဝန်ယူမှာ ဖြစ်တယ်လို့လည်း နေပြည်တော်ရှိ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။