ကာလုံအစည်းအဝေးတက်ခဲ့တဲ့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ NLD ပါတီမှ ထုတ်ပယ်ခံရ

စစ်ကောင်စီရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သြဂုတ်လ ၉ ရက်မှာ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်က ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီအစည်းအဝေးကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သလို နိုင်ငံအတွင်း မတည်ငြိမ်မှုတွေရှိနေသေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးပေါ် ကာလကို နောက်ထပ် ခြောက်လ ထပ်မံသက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံခဲ့ပါတယ်။
ဗိုလ်မှူးဟောင်း ဦးဟင်နရီဗန်ထီးယူကို ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ဒုတိယသမ္မတအဖြစ် NLD ပါတီက တာဝန်ပေးခဲ့တာပါ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၁ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးဟင်နရီဗန်ထီးယူဟာ အခြားသော NLD ခေါင်းဆောင်တွေလို ဖမ်းဆီးထောင်ချတာမခံရဘဲ နေပြည်တော်က ဒုတိယသမ္မတ အိမ်တော်မှာပဲ ရှိနေခဲ့ပါတယ်။
သူဟာ စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက် နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွေမှာပြုလုပ်ခဲ့တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးတွေကို ကျန်းမာရေးအကြောင်းပြပြီး မတက်ရောက်ခဲ့ပါဘူး။
ဒါပေမဲ့ အခု ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို တက်ရောက်ခဲ့တာကြောင့် ဦးဟင်နရီဗန်ထီးယူဟာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ သဘောဆန္ဒကို အလေးထားလိုက်နာမှုမရှိတာကြောင့် ပါတီထုတ်ပယ်လိုက်ပြီလို့ NLD က ကြေညာခဲ့ပါတယ်။
NLD ပါတီရဲ့စာရင်းတွေအရ အာဏာသိမ်းနှစ်နှစ်ခွဲအတွင်း NLD လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၇၇ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။