ဒုသမ္မတ ဦးမြင့်ဆွေကို မှော်ဘီ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ကြိုဆို
2016.04.07

လက်ရှိ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေကို ထောက်ခံကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ စုပေါင်းပြီး ဒီကနေ့ စတုဒီသာ ကျွေးမွေးခဲ့ကြပါတယ်။
မှော်ဘီမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ပြုလုပ်တာဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အကြီးအကဲတစ်ယောက်က ဒုသမ္မတဖြစ်တာကို ဝမ်းသာတဲ့အနေနဲ့ ဂုဏ်ပြုပွဲပြုလုပ်တာလို့ မှော်ဘီမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးလှဦးက ပြောပါတယ်။
"ကျနော်တို့ မှော်ဘီမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ နှစ်စဉ်သြင်္ကန်ကာလမှာ စတုဒီသာကျွေးမွေးပွဲတွေ အမြဲလုပ်ပါတယ်၊ ဒီနေ့မှာဆိုရင်တော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ဖြစ်တဲ့ ဦးမြင့်ဆွေ ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဂုဏ်ပြုပွဲနဲ့ တိုက်ဆိုင်နေတဲ့အတွက် ဒီကနေ့လှူဒါန်းမှုဟာ ကျနော်တို့အတွက်က ပိုပြီးတော့ထိရောက်ပြီးတော့ အားလုံး ဝမ်းမြောက်ဝမ်းသာနဲ့ လှူဒါန်းတဲ့ အလှူပွဲအဖြစ်နဲ့ ဒီကနေ့ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ နိုင်ငံတော်ကို တာဝန် ယူကြမယ့် ပုဂ္ဂိုလ်တွေကတော့ နိုင်ငံတော်ကို အကောင်းဆုံးနဲ့ ပြည်သူတွေ စိတ်ချမ်းသာအောင် ဖန်တီးပေးနိုင် မယ်လို့ ယုံကြည်ပါတယ်"
ဒီနေ့ပြုလုပ်တဲ့ပွဲကို မှော်ဘီမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စုပေါင်း ၄၃ အုပ်စုထဲက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၃၀၀ နီးပါးလောက် တက်ရောက်ကြပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ဒုတိယသမ္မတ နှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟန်နရီ ဗန်ထီးယူ တို့ကို ဖယ်ရှားပေးဖို့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။