ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ကွယ်လွန်


2013.11.25

ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် အသက် ၈၄ နှစ်ဟာ  အင်းစိန်မြို့နယ်၊ ဘို့ကုန်းရပ်ကွက်နေအိမ်မှာ  လူကြီးရောဂါနဲ့  ဒီနေ့မနက် ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဦးထွေးမြင့်ဟာ ဖဆပလခေတ်မတိုင်ခင်ထဲက နိုင်ငံတော်လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဦးကျော်ငြိမ်း၊ ဦးဘဆွေ၊ ဦးအောင်ကြီးတို့နဲ့အတူ လှုပ်ရှားပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို စတင်ထူထောင်ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွန်ရင်းနှီးသူဖြစ်သလို မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး  ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြဲပြောဆိုဆွေးနွေး တိုင်ပင်လေ့ရှိသူဖြစ်ပါတယ်။

သူဟာ ဒီမိုကရေစီကို ယုံကြည်သူတစ်ဦးဖြစ်ပြီး မှန်ရာကိုပြောရဲဆိုရဲသူတစ်ဦးဖြစ်တယ်လို့ NLD နာယက ဦးတင်ဦးက ပြောပါတယ်။

“သူက ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ တကယ့်ကို ယုံကြည်တဲ့ပုဂ္ဂိုလ်ပါ၊ ဒီမိုကရေစီကို ထိခိုက်စေမယ့်ကိစ္စတို့ ဆန့်ကျင်တဲ့ကိစ္စတို့စသဖြင့် ဒီလိုမျိုးတွေတွေ့ရင် ပြောချင်တဲ့စိတ်ရှိရင် ပြောချတာပဲ၊ အထူးသဖြင့် ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်တို့ လှုပ်ရှားတဲ့အပိုင်းမှာ တစ်ဘက်ကနေပြီးတော့ အာဏာရှိတဲ့အသိုင်းအဝိုင်းက ဥပဒေနဲ့မညီတာကို ဆောင်ရွက်လို့ရှိရင် ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တယ်၊ အထူးသဖြင့်ပေါ့ဗျာ စစ်တပ်ခေတ်တုန်းက ကျောင်းသားတွေကို ပစ်ကြခတ်ကြ ရက်ရက်စက်စက်ပေ့ါနော် သွေးမြေကျတဲ့ကိစ္စကို အကြောင်းပြုပြီးတော့ တော်တော်လေးပဲသူ ထက်ထက်သန်သန် ပါဝင်လာတာကို ကျနော်သတိပြုမိပါတယ်၊ အခုလည်းပဲ သူကျန်းမာရေး မကောင်းတဲ့ကြားထဲမှာပဲ ဝါရင့်နိုင်ငံရေးသမားများနဲ့ အတူတကွ လှုပ်ရှားနေပြီးတော့ တခြားသော ကျနော်တို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေမှာလည်းပဲ လှုပ်ရှားတက်ကြွစွာ ပါဝင်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါတယ်”

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကလည်း သူကွယ်လွန်သွားတဲ့အတွက် နိုင်ငံရေးလောကမှာ ဆုံးရှုံးမှုတစ်ခုအဖြစ် ခံစားရတယ်လို့ ပြောပါတယ်။ ဦးထွေးမြင့်ဟာ သူ့ရဲ့ဘဝတလျှောက်လုံး  နိုင်ငံရေးကို လုပ်ဆောင်ခဲ့သူဖြစ်တာကြောင့် ထောင်ဒဏ်အကြိမ်ကြိမ် ကျခံံခဲ့ရဖူးပါတယ်။ သူဟာနိုင်ငံရေးကိစ္စရပ်တွေကို အမြဲပြောဆိုဆွေးနွေးလေ့ရှိပြီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့သာမက အစိုးရခေါင်းဆောင်ပိုင်းနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးသိကျွမ်းသူတစ်ဦးဖြစ်ပါတယ်။

ဦးထွေးမြင့်ဟာ ပြီးခဲ့တဲ့နှစ်က ကျောက်ကပ်ရောဂါကြောင့်  ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။  သူ့ရဲ့ ရုပ်အလောင်းကို  နိုဝင်ဘာလ ၂၇ ရက်၊ ညနေ ၄ နာရီမှာ ရေဝေးသုဿန်သို့ ပို့ဆောင်မီးသြင်္ဂိုလ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။