မဏိပူရ်နယ်စပ်က မြန်မာနိုင်ငံသားတွေ နယ်စပ်ဖြတ်သန်းခွင့် အိန္ဒိယထုတ်ပြန်
2024.12.25

အိန္ဒိယနိုင်ငံ မဏိပူရ်နယ်စပ်နဲ့ ၁၀ ကီလိုမီတာအတွင်း နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို ဝင်ထွက်ခွင့်လက်မှတ်နဲ့ နယ်စပ်ဖြတ်သန်းခွင့်ပေးမှာဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနယ်စပ်ကျေးရွာတွေကို သွားရောက်လည်ပတ်လိုတဲ့ မဏိပူနယ်စပ်က ဒေသခံတွေကိုလည်း ဒီအစီအစဉ်နဲ့ ခွင့်ပြုမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို ၁၀ ကီလိုမီတာအတွင်း ခရီးသွားလာဖို့ နယ်မြေခံရဲစခန်းက ထုတ်ပေးတဲ့ အထောက်အထား စာရွက်စာတမ်းလိုအပ်တယ်လို့ ဆိုပါတယ်။ နယ်စပ်က ၁၀ ကီလိုအကွာမှာနေထိုင်သူ ဒါမှမဟုတ် တတိယနိုင်ငံသားတစ်ဦးကိုတော့ နယ်စပ်ဖြတ်သန်းခွင့်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
မြန်မာနဲ့ အိန္ဒိယနယ်စပ်မှာနေထိုင်သူတွေအနေနဲ့ ၁၀ ကီလိုမီတာအတွင်း ဆွေမျိုးထံအလည်အပတ်၊ ခရီးသွားခြင်း၊ စီးပွားရေး၊ ဆေးကုသခြင်း စတဲ့ တိကျတဲ့အကြောင်းပြချက်တွေအတွက် ခွင့်ပြုချက်ပေးသွားမှာဖြစ်ပြီး ဒီလက်မှတ်နဲ့ တစ်ကြိမ်သာ ဝင်ထွက်ခွင့်ရမှာဖြစ်ပြီး တစ်ပတ်သာ နေထိုင်ခွင့်ပြုမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။