နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက် ရှင်းလင်းဆွေးနွေး
2014.08.17

နိုင်ငံရေးအကျဉ်းသား အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့အစည်းတွေက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယကျောင်းတိုက်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လမှာ ထုတ်ပြန်ကြေညာထား တဲ့ နိုင်ငံရေးအကျဉ်းသား အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် ဟာ ပြီးပြည့်စုံမှုမရှိတဲ့အတွက် ပြင်ဆင်ဖို့ လိုအပ်တာကြောင့် အခုလို ဆွေးနွေးဖြစ်တာလို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့က ဦးသက်ဦးက ပြောပါတယ်။
"တချို့ဥစ္စာလေးတွေမှာ ချွတ်ယွင်းချက်လေးတွေရှိတယ်လေ၊ ချွတ်ယွင်း ချက်လေးတွေ ဆိုတာက ကျနော်တို့နဲ့မဆိုင်ဘူး၊ ဥပမာအနေနဲ့ဆိုရင် ဇွဲနေဝင်းတို့၊ ကျော်နေဝင်း တို့ဆိုရင် ကျနော်တို့ရဲ့နိုင်ကျဉ်း အဓိပ္ပါယ် သတ်မှတ်တဲ့ အချက်နံပါတ်သုံးနဲ့ သူတို့ငြိပြီး သူတို့ကို သူတို့ နိုင်ငံရေး အကျဉ်းသားလ့ို ပြောဆိုတာတွေရှိတယ်၊ ဒီလိုကိစ္စရပ်မျိုးတွေလည်း မဖြစ်အောင် ဒီဘက်ကလည်း ကျနော်တို့က သူတို့ကို သတ်မှတ်ခဲ့ခြင်းမရှိဘူး၊ ဆိုတော့ ဒါတွေဟာ ကျနော်တို့ သိပ်ပြီးမပြည့်စုံဘူးလို့ဆိုပြီး ယူဆတယ်၊ ဒီဥစ္စာကို ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့နဲ့ AAPP နဲ့ပူးပေါင်းပြီးတော့ ကျန်တဲ့အဖွဲ့အစည်းတွေပါ ဒီဆွေးနွေးပွဲလုပ်တာပါ"
ဒီနေ့ ဆွေးနွေးပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးတိတ်နိုင်၊ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ပြည်တွင်း ပြည်ပပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို ၂ ရက်ကြာကျင်းပမှာဖြစ်ပြီး ပြန်လည်ပြင်ဆင်သတ်မှတ်မယ့် နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ် ဖွင့်ဆိုချက်ကို မနက်ဖြန်မှာ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။