မြန်မာနိုင်ငံရေးသမားတွေ ဆွစ်ဇာလန်မှာ သင်တန်းသွားတက်မည်
2013.08.24
ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံရေးပါတီဝင်တွေ လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့က တာဝန်ရှိသူတချို့ဟာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ၃ ပတ်ကြာ သင်တန်းသွားတက်ကြမယ်လို့ သိရပါတယ်။
အဲ့ဒီသင်တန်းမှာ အစိုးရအဖွဲ့က ပုဂ္ဂိုလ်တချို့လည်း ပါမှာဖြစ်တာကြောင့် အုပ်ချုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီး နီးနီးကပ်ကပ် လေ့လာဆွေးနွေးခွင့်ရမှာဖြစ်တယ်လို့ ချင်းအမျိုးသားပါတီက အတွင်းရေးမှူး ကိုဖလိုင်းငယ်ပီးက RFA ကို ပြောပါတယ်။
"မြန်မာနိုင်ငံပါလီမန်က လွှတ်တော်အမတ်တွေလည်းပါမယ်၊ သမ္မတရုံးကလည်းပါမယ်၊ နိုင်ငံရေးပါတီတွေကလည်းပါမယ်၊ Myanmar Egress ကလည်းပါမယ်၊ နိုင်ငံခြားရေးဝန်ကြီးရုံးကလည်းပါတယ်၊ ပထမဆုံးအကြိမ် ဆွစ်ဇာလန်ရဲ့ ပရောဂျက်ပါ၊ ဒါအစိုးရဘက်က ၁၄ ယောက်ပါတယ်၊ အတိုက်အခံပါတီတွေအနေနဲ့ လက်ရှိအုပ်ချုပ်သူတွေအနေနဲ့လည်း တစ်ပေါင်းတစ်စည်းတည်း လေ့လာကြမယ်ပေါ့၊ သူတို့ဘယ်လိုစဉ်းစားထားတာလဲ၊ သူတို့ဘယ်လို လိုလားချက်တွေရှိလည်း နီးနီးကတ်ကတ် ပြောဆိုဆွေးနွေးလို့ရတယ်”
Geneva Centre for Security Policy (GCSP) နဲ့ Democratic Control of Armed Forces (DSAF) တို့က ပူးပေါင်းပြီး နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံရေးသိပ္ပံ၊ အစိုးရနဲ့ လူထုပူးပေါင်း ပါဝင်ဆောင်ရွက်ရေးတို့ကို အဓိကထား ပို့ချပေးသွားမယ်လို့ သိရပါတယ်။
လာမယ့်သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၂ဝ ရက်နေ့အထိ သင်တန်းပေးသွားမှာဖြစ်ပြီး နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ရုံးတို့ကိုလည်း သွားရောက်လေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။