ဦးဝင်းတင်ကို ဂုဏ်ပြုကြ
2014.04.22

ကွယ်လွန်သူ ဆရာကြီး ဦးဝင်းတင် အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ မှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သိက္ခာ ၊ နိုင်ငံရေး သိက္ခာ၊ နိုင်ငံရဲ့ သိက္ခာ၊ လူသားများ သိက္ခာ တို့ကို မြှင့်တင်ပေးတဲ့ ဆရာ ဦးဝင်းတင်ကို ဦးညွှတ်ဂါရဝါပြုပါတယ် လို့ ရေးသားခဲ့ ပါတယ်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ခေါင်းဆောင် ဦးမင်းကိုနိုင် ကလည်း ပြည်သူ့ ဘက်တော်သား၊ ယုံကြည်ချက်ပြတ်သားသူ၊ တရားမျှတ မှုအတွက် ထာဝရ ရဲရင့်ခဲ့သူ၊ သူမရှိတော့ခြင်းက အစား ထိုးမရသည့်ဆုံးရှုံးမှုအဖြစ် ခံစားသိမှတ်ကြပါကြောင်း လို့ ရေးသားခဲ့ပါတယ်။
အစိုးရ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ကလည်း ဝမ်းနည်းကြောင်း ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ အယူအဆ ကွဲလွဲ မှုတွေရှိပေမဲ့ ဆရာကြီး ဦးဝင်းတင် ရဲ့ တိုင်းပြည် အပေါ်ထားရှိတဲ့ စေတနာ၊ ပေးဆပ်အနစ်နာခံမှုတွေ၊ တိုင်းပြည်အကျိုးကို မိမိယုံကြည်တဲ့အတိုင်း ထမ်းရွက်ခဲ့တာတွေအတွက် မြန်မာနိုင်ငံသားတိုင်းက အလေးထား ဂုဏ်ပြုကြရမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
သမ္မတ ရဲ့ ပြောခွင့်ရသူ၊ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ် ကလည်း ဆရာကြီးဦးဝင်းတင်နဲ့ နိုင်ငံရေးအရ အမြင်မတူတာတွေရှိပေမဲ့၊ ယုံကြည်ချက်အပေါ် ခိုင်မာစွာရပ်တည်ခဲ့တာတွေနဲ့ စွန့်လွှတ်မှုတွေ အတွက် လေးစားကြောင်း၊ ဆရာကြီး ကွယ်လွန်တာဟာ မြန်မာ့နိုင်ငံရေးမှာ ကိုယ့်ယုံကြည်ချက်ကိုယ် ပွင့်ပွင့်လင်းလင်း မထောက်မညှာ ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိတဲ့ အသံတစ်သံ ပျောက်ကွယ်သွားတာဖြစ်လို့ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သလို၊ သတင်းစာလောကအတွက်လည်း အတတ်ပညာ အတွေ့အကြုံ ပြည့်ဝ တဲ့သတင်းစာဆရာကြီး တစ်ဦး ဆုံးရှုံးရတာဖြစ်ကြောင်း သူ့ရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြခဲ့ပါတယ်။
ကွယ်လွန်သူ သတင်းစာဆရာကြီး ဦးဝင်းတင် ရဲ့ နာရေးသတင်းကို ကမ္ဘာ့ သတင်းမီဒီယာတွေက ဖေါ်ပြခဲ့ကြ ပါတယ်။ အမေရိကန်ပြည်ထောင်စု က New York Times၊ Washington Post ၊ Los Angeles Times ၊ ဗြိတိန်နိုင်ငံက The Guardian ၊ The Independent ၊ စကာၤပူ နိုင်ငံက The Straits Times ၊ ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်၊ နေးရှင်း စတဲ့သတင်းစာကြီးတွေက ဖေါ်ပြခဲ့ကြပါတယ်။
ဒါ့ပြင် နိုင်ငံတကာ သတင်းမီဒီယာဆိုင်ရာ အဖွဲ့တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဦးဝင်းတင် ရဲ့နာရေး နဲ့ ပတ်သက်ပြီး နှမြော တသ ဝမ်းနည်းရကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ HRW လူ့အခွင့်အရေး အဖွဲ့က ဦးဝင်းတင် သို့ ဦးညွှတ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့ရာမှာ ဦးဝင်းတင် ဟာ ဂုဏ်ရောင်ပြောင်တဲ့သတ္တိ အရာမှာ စံနမူနာ၊ ကြမ်းကြုတ်ရက်စက်လှတဲ့ ကာလကြာရှည် စစ်အုပ်ချုပ်ရေး တစ်ရပ်ကို တလျှောက်လုံးဆန့်ကျင်ခဲ့တဲ့ မူဝါဒ အရာမှာ အံမခန်း ပြယုဂ် ဖြစ်သလို၊ သူ ကွယ်လွန် သွားတာ ဟာ မြန်မာ့ လူ့အခွင့်အရေး အသိုင်းအဝန်းမှာ အစားထိုးလို့မရနိုင်တဲ့ ဆုံးရှူံးမှု ဖြစ်ပါတယ်၊ သူ့လွတ်မြောက် ရေး အတွက် နှစ်ပေါင်းများစွာ အစဉ် တစိုက် တောင်းဆို လှုပ်ရှားခဲ့တဲ့ HRW အဖွဲ့အနေနဲ့လည်း နက်နက် ရှိုင်းရှိုင်း ကြေကွဲဝမ်းနည်းရပါတယ် လို့ ရေးသားဖေါ်ပြထားပါတယ်။