တစ်ရွာလုံး ဖျားနာနေတဲ့ ပူတာအိုမြို့ လုံရှာယာန်ရွာ အရေးပေါ်ကုသမှု လိုအပ်နေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ပူတာအို - မြစ်ကြီးနား ကားလမ်းဘေးမှာရှိတဲ့ လုံရှာယာန် ရွာမှာ တစ်ရွာလုံးနီးပါး ဖျားနာတာနဲ့ ဝမ်းသွားတာတွေဖြစ်နေပြီး အရေးပေါ်ဆေးကုသဖို့ လိုအပ်နေပြီလို့ ဒေသခံတွေက စက်တင်ဘာလ ၁၉ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ လုံရှာယာန်ရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပြီးနောက် (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံကို ပိတ်လိုက်တာကြောင့် ဆေးကုသပေးမယ့်သူမရှိဘဲ အခုလို ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာမှာ လူဦးရေ နှစ်ထောင်နီးပါးရှိပြီး ရဝမ်၊ ကချင်၊ လီဆူနဲ့ ခမ်းတီးရှမ်းတွေ အများဆုံး နေထိုင်ကြတယ်လို့ ဆိုပါတယ်။
နီးစပ်ရာ ဆေးမြီးတိုတွေနဲ့ ကုသနေပေမယ့် ရောဂါမပျောက်ဘဲ တစ်ဆင့်ပြန်ကူးစက်တဲ့ လူနာတွေ ပိုများလာတယ်လို့ လုံရှာယာန်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"အစက ရွာထိပ်မှာ ဆေးရုံရှိတယ်။ စစ်တပ်နဲ့ KIA နဲ့ တိုက်ပွဲဖြစ်တော့ ဆရာဝန်ရော၊ သူနာပြုတွေရော အကုန်ပြန်ကုန်တာ။ ဆေးရုံပါ ပိတ်လိုက်ရတယ်။ မက်ကလောင် ခြစ်တယ်၊ ရိုးရာဆေးသောက်တယ်။ ဖြစ်တဲ့သူပဲ တိုးလာတယ်။ ကိုဗစ်လား ဘာလား တော့ ကျနော်တို့လည်း သေချာမသိဘူး"
လက်ရှိ ရောဂါဖြစ်နေသူ အများစုဟာ ဝမ်းသွားတာ၊ ခန္ဓာကိုယ် ကိုက်ခဲတာ၊ ခေါင်းကိုက် တာ၊ ချောင်းဆိုးတာနဲ့ ဖျားနာတာတွေ ခံစားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပူတာအိုမြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ လုံရှာယာန်ရွာက ဒေသခံတွေဟာ ဓာတ်ဆီတစ်လီတာ ကို ၄၀၀၀ ကျပ်နီးပါး ပေးဝယ်နေရတာကြောင့် ပူတာအိုမြို့ကို အသွားအပြန် ဆေးသွားဝယ် ဖို့ရော၊ ဆေးရုံဆေးခန်း သွားပြဖို့ရော မတတ်နိုင်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။