ပူတာအိုက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် အကူအညီလိုအပ်နေ
2024.05.29

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်၊ ဝါဒတ်နဲ့ အင်စီယန်ရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၁၅၀၀ နီးပါးအတွက် နေရာထိုင်ခင်းနဲ့ အစားအသောက်အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေက မေလ ၂၉ ရက်နေ့မှာ ပြောပါတယ်။
အဲဒီရွာတွေက ဒေသခံတွေဟာ မေလ ၁၁ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် တောတောင်တွေဘက် ထွက်ပြေးနေရတာဖြစ်ပြီး လက်ရှိမှာ တိမ်းရှောင်ရတာ ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ရေးအတွက် အခက်အခဲဖြစ်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တောဘက်တွေကို ထွက်ပြေးတော့ အခုလောလောဆယ်က ဆေးဝါးတွေ၊ အစားအသောက်တွေ၊ နေဖို့ တဲဆောက်ဖို့ မိုးကာတွေ လိုအပ်နေတယ်။ ကလေးတွေ၊ နို့စို့အရွယ်တွေ၊ အသက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေအတွက်လည်း လိုအပ်ချက်တွေရှိတယ်။ အဝတ်အစားတွေလည်း မရှိကြဘူး။ တချို့ဆို ဖိနပ်တောင် မစီးနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်”
သူတို့ထွက်ပြေးလာတဲ့ရွာတွေမှာတော့ စစ်ကောင်စီတပ်က တပ်စွဲနေရာယူထားပြီး လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တာတွေရှိနေတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပူတာအိုဒေသမှာ တိုက်ပွဲတွေကြောင့်လည်း လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ဆန်နဲ့ စားနပ်ရိက္ခာရရှိရေးကလည်း အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နှစ်လကျော်အတွင်း မြို့နယ် ခုနစ်ခုက ဒေသခံငါးသောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မေလ ၄ ရက်နေ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသန်းကျော် ရှိနေပါတယ်။