ပူတာအိုကို ရိက္ခာပို့မဲ့ကားတွေ အကန့်အသတ်နဲ့ စတင်သွားလာခွင့်ရ

RFA Burmese
2024.06.09
ပူတာအိုကို ရိက္ခာပို့မဲ့ကားတွေ အကန့်အသတ်နဲ့ စတင်သွားလာခွင့်ရ ကချင်ပြည်နယ်၊ ပူတာအိုမြို့ကို ရိက္ခာပို့ဆောင်ပေးမည့်ကားများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က တွေ့ရစဉ်။
Facebook/ ထ၀မ်ရာဇီမော်တော်ယာဉ်အသင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့ကို ရိက္ခာပို့ဆောင်ပေးမဲ့ ကား ၁၄ စီးကို ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သွားခွင့်ပြုခဲ့တယ်လို့ ပူတာအိုဒေသခံတွေက RFA ကို ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ရဲ့ ကြားဝင်စေ့စပ်မှုအနေနဲ့ မြစ်ကြီးနားမြို့ကနေတစ်ဆင့် ပူတာအိုမြို့အတွက် ကုန်ပစ္စည်းသီးသန့်တင်ထားတဲ့ ကား ၁၄ စီး စတင်သွားလာခွင့်ရခဲ့တာလို့ ဆိုပါတယ်။

လောလောဆယ်တော့ စားနပ်ရိက္ခာသယ်ယူပေးတဲ့ ကားတွေကိုသာ အကန့်အသတ်နဲ့ သွားခွင့်ပေးတာဖြစ်ပြီး ခရီးသည်တွေ လိုက်ပါလို့မရသေးဘူးလို့ အမည်မဖော်လိုတဲ့ ပူတာအိုဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ခုနကအထိ ဖုန်းဆက်တာ ကားတွေအကုန် ဆွမ်ပရာဘွမ်မှာပဲ ရှိသေးတယ်လို့ ပြောပါတယ်။ လမ်းတောက်လျှောက်က စစ်ကောင်စီတပ်စခန်းနဲ့ KIA စခန်းတွေမှာ စစ်ဆေးတာတွေရှိနေတော့ ကြာတဲ့သဘောပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ကုန်ကားတွေတတ်လာတာကိုပဲ တစ်မြို့လုံးက ဝမ်းသာနေကြပါပြီ"

စားနပ်ရိက္ခာ အဓိကသယ်ယူတဲ့ မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်းမကြီးကို သုံးလကြာ ပိတ်ထားခဲ့တာကြောင့် ပူတာအိုမြို့ပေါ်မှာ စက်သုံးဆီတစ်လီတာကို ငွေကျပ်တစ်သိန်း၊ ဗလာစာအုပ် တစ်ဒါဇင်ကို ငွေကျပ်လေးသောင်းခွဲအထိ အဆမတန် မြင့်တတ်နေတာပါ။

မြစ်ကြီးနား-ပူတာအိုကားလမ်းပေါ် ဆွမ်ပရာဘွမ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ကို (KIA) က မတ်လ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ချိန်ကစပြီး ပူတာအိုခရိုင်ကို ဆက်သွယ်ထားတဲ့ တစ်ခုတည်းသောကားလမ်းကို စစ်ကောင်စီတပ်က ဖြတ်တောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပူတာအိုခရိုင်မှာ ပူတာအို၊ ဆွမ်ပရာဘွမ်၊ နောင်မွန်၊ မချမ်းဘော၊ ခေါင်လန်ဖူး စတဲ့ မြို့နယ်ငါးခုရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ခရိုင်တစ်ခုလုံးမှာ လူဦးရေတစ်သိန်းကျော် ရှိပါတယ်။

အဲဒီမြို့နယ်တွေမှာ မြစ်ကြီးနားကနေပဲ စားနပ်ရိက္ခာနဲ့ ကုန်ပစ္စည်းတွေကို အဓိကထား ဝယ်ယူသုံးစွဲနေရတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျ သိရဖို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။