နိုင်ငံရေးအကျဉ်းသားများအတွက် ဦးဝင်းတင် ဖောင်ဒေးရှင်းက အလှူငွေပေးအပ်
2015.01.12

အကျဉ်းကျနေတဲ့ တပ်မတော်သားဟောင်းတွေ၊ စာနယ်ဇင်းသမားတွေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၂ ဦးအတွက် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက အလှူငွေ ကျပ်သိန်း ၅၀ ကျော်ကို မိသားစုဝင်တွေထံ ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ အလှူငွေပေးအပ်ပွဲ အခမ်းအနားကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက တိုင်းပြည်ဒီမိုကရေစီရဖို့အတွက် ကြိုးစားရာမှာ ဘဝပျက်ခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက စိတ်ဓာတ်ခွန်အားတွေနဲ့ အတိုင်းအတာတစ်ခုထိ ထောက်ပံ့မှုတွေ ပေးနိုင်ခဲ့တယ် လို့ ပြောပါတယ်။
"ဒီနိုင်ငံရေး အကျဉ်းသားတွေသာမက ဒီမိုကရေစီ ရယ်လို့ ကျကျနနမသိရသေးတဲ့အခါမှာ ပြည်သူတွေနဲ့ထိုက်တန်တဲ့ ဒီမိုကရေစီရအောင် ဘဝပျက်ကြရတဲ့ မိသားစုတွေအားလုံးအတွက် အပြည့်အဝထောက်ပံ့ခြင်း မပြုရသေးကာမူ ဒီနေ့ ဟံသာဝတီ ဦးဝင်း တင်ဖောင်ဒေးရှင်းဟာ အခိုက်အတန့်အားဖြင့် အကျဉ်းသားမိသားစုဝင်တွေအတွက် အထောက်အပံ့ ရသင့်ရထိုက်တာများကိုလည်း ဆောင်ရွက်ပေးနိုင်ပြီးတော့ မြှင့်တင်ပေးနိုင်တယ်"
ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ ပါဝင်လက်မှတ်ရေးထိုးခဲ့တာကြောင့် စစ်တပ်စည်းကမ်းကို ချိုးဖောက်တယ် ဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ ဗိုလ်မှူး ကျော်စွာဝင်းနဲ့ အီလက်ထရောနစ် ဥပဒေပုဒ်မတွေ နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ အရာခံ ဗိုလ်အောင်ကျော်လင်း တို့ကိုလည်း ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ငွေကျပ် ၃ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ဦးဝင်းတင်ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ စုစုပေါင်း ၆၀၀ နီးပါးကို ထောက်ပံ့ငွေ ကျပ် သိန်းတစ်ထောင်ကျော် ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။