မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ပြည်သူတွေအတွက် ဂျပန်နိုင်ငံက ဒေါ်လာခြောက်သန်းနီးပါး ထောက်ပံ့မည်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး ထိခိုက်နစ်နာနေတဲ့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ပြည်သူတွေအတွက် ဂျပန်နိုင်ငံက လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အရေးပေါ် အကူအညီတွေ ထောက်ပံ့သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အစားအသောက်နဲ့ နေ့စဉ်လိုအပ်ချက်တွေ ရှားပါးလာခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေ သိသိသာသာ ယိုယွင်းပျက်စီးခဲ့သလို၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာစစ်တပ် အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်လည်း များပြားလာနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုဖြစ်ပျက်နေတဲ့ အခြေအနေမှာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသက ပြည်သူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅.၈ သန်း ထောက်ပံ့ဖို့ ဂျပန်အစိုးရက ဇူလိုင်လ ၁၃ ရက်မှာ ဆုံးဖြတ်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
ဒီအရေးပေါ်ထောက်ပံ့ငွေကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရုံးတွေကတဆင့် မြန်မာနိုင်ငံက ပြည်သူတွေဆီကို တိုက်ရိုက်ပေးပို့မှာ ဖြစ်ပြီး ဒီအကူအညီတွေဟာ လူတသိန်း သုံးသောင်း ခြောက်ထောင်နီးပါးကို ထောက်ပံ့မှာ ဖြစ်တယ်လို့လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။