မြန်မာက လူတစ်သန်းကျော်အတွက် WFP ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်း

RFA Burmese
2025.03.14
မြန်မာက လူတစ်သန်းကျော်အတွက် WFP ရိက္ခာထောက်ပံ့မှု ရပ်ဆိုင်း အရေးပေါ် စားနပ်ရိက္ခာများကို ကရင်ပြည်နယ်တွင် ရေကြီးမှုဒဏ်ခံခဲ့ရသည့် ကျေးရွာများသို့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် WFP မှ ထောက်ပံ့ခဲ့စဉ်။
WFP

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် အကူအညီလိုအပ်မှု မြင့်တက်နေချိန် လူဦးရေ တစ်သန်းကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့တာတွေကို လာမဲ့ ဧပြီလကစပြီး ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မတ်လ ၁၄ ရက်နေ့မှာ ကြေညာပါတယ်။

ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားလာတာကြောင့် ရပ်တန့်ရတာဖြစ်ပြီး နောက်ထပ် ရန်ပုံငွေအသစ် မရရှိတော့ဘူးဆိုရင် ၅ နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ မသန်စွမ်း စတဲ့ ထိခိုက်လွယ်အုပ်စုတွေက လူဦးရေ သုံးသောင်းခွဲခန့်ကိုပဲ ဆက်လက်ကူညီနိုင်တော့မယ်လို့ ဆိုပါတယ်။

ဒီလို ရိက္ခာထောက်ပံ့မှုတွေ ရပ်ဆိုင်းတာက WFP ရဲ့ အကူအညီတစ်ခုတည်းကိုပဲ အားထားနေရသူတွေအတွက် ဆိုးဆိုးရွားရွား ထိခိုက်နိုင်တယ်လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ဒီနေ့ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

"အခုဖြစ်လာမဲ့ အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ပါတယ်"

အကူအညီတွေရပ်ဆိုင်းမှုက WFP ရဲ့ အထောက်အပံ့ကိုပဲ အားထားနေရတဲ့ ရိုဟင်ဂျာတွေ အပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းက နေရပ်စွန့်ခွာသူ တစ်သိန်းကိုပါ ထိခိုက်မယ်လို့လည်း ဆိုပါတယ်။

မြန်မာလူထုကို စားနပ်ရိက္ခာ အထောက်အပံ့တွေ ဆက်လက်ပေးအပ်နိုင်ဖို့ အမေရိကန်ဒေါ်လာ သန်းခြောက်ဆယ် အရေးတကြီး လိုအပ်နေတယ်လို့ WFP က ပြောပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်နဲ့ တုံ့ပြန်ရေးအစီအစဉ်အရ လက်ရှိမှာ မြန်မာနိုင်ငံက လူဦးရေ ၁၅.၂ သန်းခန့်ဟာ တစ်နေ့တာ စားနပ်ရိက္ခာလိုအပ်ချက်ကို ပြည့်မီအောင် မဖြည့်ဆည်းနိုင်တဲ့အရေးနဲ့ ကြုံနေရတယ်တယ်လို့ WFP က ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။