စစ်ကောင်စီတပ်စခန်းမှာ ကုလအကူအညီရိက္ခာ တွေ့ရှိမှု လက်မခံနိုင်ကြောင်း WFP ပြော

RFA Burmese
2024.12.18
စစ်ကောင်စီတပ်စခန်းမှာ ကုလအကူအညီရိက္ခာ တွေ့ရှိမှု လက်မခံနိုင်ကြောင်း WFP ပြော ရခိုင်ပြည်နယ် မောင်တောမြို့တွင်ရှိသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ ရိက္ခာသိုလှောင်ရုံ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA Info Desk

ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်တွေ အသုံးပြုခဲ့တဲ့ အဆောက်အအုံတစ်ခုမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အမှတ်အသားပါရှိတဲ့ ရိက္ခာအိတ်တွေ ပြန်တွေ့ခဲ့ရပြီး လူထုအတွက် အကူအညီတွေအပေါ် အလွဲသုံးစားပြုလုပ်တာကို လက်ခံနိုင်ဖွယ် မရှိဘူးလို့ WFP က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

WFP အနေနဲ့ ဒီကိစ္စအပေါ် သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရှိခဲ့ရတာဖြစ်ပြီး အဲဒီဒေသကိုသွားရောက်ဖို့ ခက်ခဲတာကြောင့် ဖြစ်စဥ်အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခုလုပ်ရပ်ဟာ ကယ်ဆယ်ရေး အထောက်အပံ့တွေ အရေးပေါ် လိုအပ်နေသူတွေကို ထိခိုက်နစ်နာစေတယ်လို့လည်း WFP က ပြောပါတယ်။

မောင်တောမြို့အခြေစိုက် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ပြီးနောက် အဲဒီအထဲမှာ WFP ရဲ့ ဆန်အိတ်ထောင်ချီကို တွေ့ရတယ်လို့ ရခိုင်အခြေစိုက်သတင်းဌာန Arakan Bay News-ABN က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သတင်းဖော်ပြခဲ့တာပါ။

အဲဒီ WFP ဆန်အိတ်တွေကို စစ်ကောင်စီ တပ်သားတွေက ကာဗာကျင်းတွေမှာ အကာအရံအဖြစ် အသုံးပြုခဲ့တာလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲရဲ့အရှေ့ဘက် မီတာ ၁၂၀၀ ခန့်အကွာ မြို့သူကြီးရပ်ကွက်မှာ WFP ရဲ့ ရိက္ခာဂိုဒေါင်တည်ရှိပြီး ပြီးခဲ့တဲ့ဇွန်ကဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ သိုလှောင်ရုံမှာ လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာ ဖူလုံစေမဲ့ အရေးပေါ် ကယ်ဆယ်ရေးရိက္ခာ စုစုပေါင်း ၁,၁၇၅ တန်ကို သိုလှောင်ထားခဲ့တာလို့ WFP က ပြောထားပါတယ်။

အဲဒီသိုလောင်ရုံကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာလို့ ဝေဟင်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုကို ဇွန် ၂၅ ရက်နေ့မှာ AA က ထုတ်ပြန်ခဲ့ပါတယ်။

မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အဆောက်အအုံတစ်ခုတွင် WFP ဆန်အိတ်များကို တွေ့ရစဥ်။ (Screenshot From Arakan Bay News (ABN) Video)
မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အဆောက်အအုံတစ်ခုတွင် WFP ဆန်အိတ်များကို တွေ့ရစဥ်။ (Screenshot From Arakan Bay News (ABN) Video)

စစ်ကောင်စီကတော့ ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းဖျက်ဆီးခဲ့တာ မရှိဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇွန် ၂၇ ရက်မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် တုံ့ပြန်ထားပါတယ်။

အခု အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲထဲမှာ WFP ဆန်အိတ်တွေ တွေ့ရှိရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

WFP ကတော့ ပဋိပက္ခမှာ ပါဝင်သူတွေအားလုံးက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလိုက်နာဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်နေတာအပြင် ရာသီဥတုဖောက်ပြန်တာနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ ပိုမိုဆိုးရွားနေတယ်လို့ WFP က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။