ရိုဟင်ဂျာတွေအတွက် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ဂျပန်အစိုးရ လှူဒါန်း

RFA Burmese
2025.02.21
ရိုဟင်ဂျာတွေအတွက် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ဂျပန်အစိုးရ လှူဒါန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ဘာဆန်ချာဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေ ရောဂါဖြစ်ပွားမှု လျှော့ချဖို့နဲ့ သေဆုံးတာတွေကို ကာကွယ်ဖို့ရည်ရွယ်ပြီး ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတစ်ဆင့် လှူဒါန်းလိုက်ပါတယ်။

ဂျပန်အစိုးရနဲ့ WHO တို့ရဲ့ ဒီပူးပေါင်းလုပ်ဆောင်မှုအသစ်ကနေ ရိုဟင်ဂျာတစ်သန်းကျော်အတွက် မရှိမဖြစ် ကျန်းမာရေးဝန်ဆောင်မှုတွေ ပံ့ပိုးပေးနိုင်မယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် United News of Bangladesh သတင်းက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဖော်ပြပါတယ်။

ဒီစီမံကိန်းကို ၁၂ လကျော်ကြာ အကောင်အထည်ဖော်မှာဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၁ သန်းနဲ့ အနီးဝန်းကျင်က ဒေသခံတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးဖို့ ရည်ရွယ်ထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေအပေါ် မှီခိုနေရတာကြောင့် လိုအပ်ချက်အများအပြားရှိနေပြီး ကာလဝမ်းရောဂါ၊ အသည်းရောင် အသားဝါနဲ့ သွေးလွန်တုပ်ကွေးလို ကပ်ရောဂါတွေ ဖြစ်နိုင်ခြေ ပိုများနေတယ်လို့ ပြောပါတယ်။

စခန်းတွေအတွင်းက ဒုက္ခသည်တစ်ဝက်လောက်ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေဖြစ်ပြီး ၅၁ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်တာမို့ ခက်ခဲတဲ့အခြေအနေတွေကြား ပိုအန္တရာယ်ရှိနိုင်တယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဟာ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော် ကတည်းက ဖြစ်နေပြီး ကမ္ဘာ့အကြီးဆုံး ကာလရှည်ကြာ အကျပ်အတည်းတွေထဲက တစ်ခုဖြစ်တယ်လို့ WHO က ထောက်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။