ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ရခိုင်ပြည်နယ်ကို ထောက်ပံ့မှုရပ်ဆိုင်းထား
2017.09.02
ရခိုင်ပြည်နယ် မောင်တောဒေသက အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ဒုက္ခသည်တွေဆီကိုပို့နေတဲ့ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ကြီး WFP ရဲ့ အစားအစာထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားရတယ်လို့ မနေ့က AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မှုတွေကြောင့် သေဆုံးသူအရေအတွက် တဖြည်းဖြည်းများလာ သလို သောင်းနဲ့ချီတဲ့ မွတ်ဆလင်နဲ့ ဒေသခံ တိုင်းရင်းသားဗုဒ္ဓဘာသာဝင်တွေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ လုံခြုံရေးကို စိုးရိမ်လာရတဲ့အတွက် ကူညီထောက်ပံ့ရေးတွေကို ရပ်ဆိုင်းထားရ တာဖြစ်ပါတယ်။
WFP အပါအဝင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေဟာ ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေအပါအဝင် ရိုဟင်ဂျာစစ်သွေးကြွတွေကို ရိက္ခာထောက်ပံ့ကူညီတယ် ဆိုပြီး မြန်မာအာဏာပိုင်တွေက စွပ်စွဲထားတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
လုံခြုံရေးအခြေအနေကြောင့် WFP ရဲ့ ရိက္ခာထောက်ပံ့မှုအားလုံးကို ရပ်ဆိုင်းထားရတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သိန်းခွဲလောက်နဲ့ တခြားလိုအပ်နေသူတွေပါ ထိခိုက်နစ်နာရတယ်လို့ WFP က ထုတ်ပြန် တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့နောက်ဆုံးထုတ်ပြန်တဲ့စာရင်းအရ ပြီးခဲ့တဲ့ သတင်းပတ် တိုက်ခိုက်မှုတွေအပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၅၈၆၀၀ လောက်ရှိပြီလို့ AFP သတင်းမှာ ရေးသားထားပါတယ်။