ဦးဝင်းတင်ကို ဒီမိုကရေစီရဲဘော် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု


2015.04.21
dassk-uwintin-honour-305.jpg ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမှာ ကျင်းပတဲ့ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုစကားပြော ကြားစဉ်
Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA

လူတိုင်းအတွက် စံနမူနာယူထိုက်သူ ဟံသာဝတီ ဦးဝင်းတင်ကို ဒီမိုကရေစီရဲဘော်အဖြစ် ဂုဏ်ပြု လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ကျင်းပတဲ့ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားမှာ ဒေါ်အောင် ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

"လူတိုင်းဟာ သတင်းစာဆရာကြီး ဖြစ်နိုင်မှာ မဟုတ် ပါဘူး၊ လူတိုင်းဟာလည်း ဆရာ့လို စာရေး ဆရာကြီး ဖြစ်နိုင်မှာမဟုတ်ပါဘူး၊ လူတိုင်းဟာလည်း ဆရာ့လောက် အနစ်နာခံနိုင်မှာ မဟုတ်ပါဘူး၊ သို့သော်ငြားလည်း ဆရာ့ရဲ့ စံနမူနာတွေကို ကြည့်ပြီးတော့ ကိုယ့်ကိုကိုယ် အကောင်းဆုံး ဒီမိုကရေစီ ရဲဘော်တစ်ယောက်ဖြစ်အောင်လို့ ကြိုးစားနိုင်တယ်လို့ ကျမထင်ပါတယ်၊ ဆရာကြီး ဦးဝင်းတင်ကို ဒီမိုကရေစီ ရဲဘော်တစ်ယောက်အနေနဲ့ ဂုဏ်ပြုချင်ပါတယ်၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မဟုတ်ဘူး၊ ရဲဘော်တစ်ယောက်အနေနဲ့၊ ခေါင်းဆောင်နဲ့ ရဲဘော်ဆိုတာ မတူဘူး၊ ခေါင်းဆောင်ဆိုတာ အမိန့်ပေးမယ်၊ ထိပ်ကနေပြီးတော့လုပ်မယ်၊ ဦးဆောင်မယ်၊ ရဲဘော်ဆိုတာ နိစ္စဓူဝအလုပ်တွေကို အောက်ခြေ သိမ်းလုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျမက ရဲဘော်တွေလို့ သတ်မှတ်ပါတယ်"

ဒါ့အပြင် ဦးဝင်းတင်ဟာ ဒီမိုကရေစီယဉ်ကျေးမှုဖြစ်တဲ့ သဘောထား မတိုက်ဆိုင်မှုတွေရှိတဲ့အခါ ညှိနှိုင်းယူတတ် သူဖြစ်ကြောင်း၊ အဲဒီ့လို ဒီမိုကရေစီယဉ်ကျေးမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တင်မက တခြားနိုင်ငံရေး ပါတီတွေ၊ ပြည်သူတွေကလည်း လက်ခံကျင့်သုံးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဟံသာဝတီ ဦးဝင်တင်ကို ၁၉၃၀ ပြည့်နှစ်က ပဲခူးတိုင်း ကြို့ပင်ကောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဟံသာဝတီ သတင်းစာဆရာ စာရေးဆရာအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီး ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးတို့နဲ့အတူ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

၁၉၈၉ခုနှစ်မှာ စစ်အစိုးရက ဦးဝင်းတင်ကို ဖမ်းဆီးပြီး၊ နှစ်ပေါင်း ၂၀နီးပါးအကြာ ၂၀၀၈ခုနှစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။

သူဟာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်သူဖြစ်ပြီး၊ အခြေခံဥပဒေ ပြုပြင်တာကို လက်မခံဘဲ အသစ်ပြန်လည်ရေးဆွဲရေးကိုသာ တစိုက်မတ်မတ် ပြောခဲ့သူဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ဦးဝင်းတင် အောက်မေ့ဖွယ်အခမ်းအနားကို NLD ပါတီဝင်တွေ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ သတင်းစာဆရာတွေ၊ စာရေးဆရာတွေ အပါအဝင် လူတစ်ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ အမှတ်တရ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လုပ်ဖော်ကိုင်ဖက်တွေ ရင်းနှီးသူတွေရဲ့ အမှတ်တရစကားတွေကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် မကွယ်လွန်ခင် RFA က တဆင့်ပြောခဲ့တဲ့ စကားတွေထဲက ပြည်သူတွေအမှတ်တရဖြစ်နေတဲ့ စကားတချို့ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။