ခင်ဦးမြို့ သရက်ပင်စုရွာက USDP ပါတီစည်းရုံးရေးမှူး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့ သရက်ပင်စုရွာက အသက် ၄၅ နှစ်အရွယ် ဦးဝင်းသူရဟာ စက်တင်ဘာလ ၂၈ ရက် ဒီနေ့ မနက် ၁၁ နာရီခွဲချိန်ခန့်မှာ သရက်ပင်စုရွာနဲ့ အင်းပတ်ရွာကြား ခင်ဦး - ရေဦး လမ်းမပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးဝင်းသူရဟာ သရက်ပင်စုရွာရဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) စည်းရုံးရေးမှူးဖြစ်ပြီး စစ်ကောင်စီအတွက် သတင်းပေးလုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“အာဏာမသိမ်းခင်ကတည်းက ရွာရဲ့လျှပ်စစ်မီးကော်မတီမှာ သူကပြဿနာရှာတာတွေရှိတယ်၊ တိုင်း အဆင့်ကနေ ရွာကိုမီးဖြတ်တဲ့အဆင့်ထိရောက်အောင် လုပ်ခဲ့တာဗျ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလကလည်း သူနဲ့မတည့်တဲ့ ဘုန်းကြီးကျောင်းကို လက်နက်တွေလုပ်နေတယ်ဆိုပြီး စစ်ကောင်စီကို သတင်းပေးခဲ့တာကြောင့် လာရောက်ရှာဖွေတာတွေရှိခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
ခင်ဦးမြို့မှာ စစ်ကောင်စီနဲ့ သူတို့နဲ့ပတ်သက်တဲ့သူတွေကို တိုက်ခိုက်နေတဲ့ ခင်ဦးစားငချစ်ညို အဖွဲ့ကတော့ ဦးဝင်းသူရကို သေနတ်နဲ့ သုံးချက်ပစ်ပြီး သတ်ခဲ့တာလို့ ပြောပါတယ်။