ဝန်ကြီးဟောင်း ဦးဆန်းဆင့် ရုံးထုတ်စစ်ဆေးစဉ် နှလုံး အမောဖောက်
2014.08.22

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ဟာ ဒီနေ့ ဒက္ခိဏသီရိခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးနေ စဉ် နှလုံးအမောဖောက်လာလို့ ဆေးဝါးကုသမှု ခံယူလိုက်ရတယ်လို့ သိရပါတယ်။
ဒီနေ့ တရားရုံးချိန်းနဲ့ ပတ်သက်ပြီး ဦးဆန်းဆင့် ရဲ့ ရှေ့နေဦးတင်ထွန်းက အခုလိုပြောပါတယ်။
"ဒီနေ့ ကျန်းမာရေးအခြေအနေ အတော်ဆိုးဝါး သွားတယ်၊ ၄ဝ၉ သက်သေနှစ်ယောက်ကို စစ်တယ်ပေါ့ဗျာ၊ အဲဒါစစ်ပြီးတော့ ၁၂၄(က)ကို စစ်တယ်၊ ၁၂ နာရီထိုးဖို့ ၅ မိနစ်မှာ ဦးဆန်းဆင့်က အသက်ရှုမဝဘူး၊ တော်တော်မခံနိုင်ဖြစ်တာ၊ ထိုင်လို့လည်းမရဘူး၊ လဲနေရတာပေါ့၊ သူတို့ စီစဉ်လိုက်တော့ Professor ကြီး နှစ်ယောက် လာပြီး ဆေးကုသမှုလုပ်ပေးပြီးတော့ တရားသူကြီးကို အနားပေးဖို့ အကြံပြုတာပေါ့၊ ဒါနဲ့တရားသူကြီးက ရုံးပေါ်ပြန်တက်ပြီးတော့ ဒီနေ့ အမှုစစ်ဆေးတာ နားလိုက်တယ်"
ပြီးခဲ့တဲ့ဇွန်လ ၁၈ရက်နေ့က ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ ဖမ်းဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှုအပြင် နိုင်ငံတော် အကြည်ညိုပျက်အောင်လုပ်ဆောင်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဦးဆန်းဆင့်ဟာ နှလုံး၊ သွေးတိုး၊ ကျီးပေါင်းရောဂါတွေ ခံစားနေရတဲ့အတွက် ဇူလိုင်လ ၃၀ ရက်နေ့က ဒက္ခိဏသီရိခရိုင် တရားရုံးမှာ အာမခံလျှောက်ထားခဲ့ပေမဲ့ မရခဲ့တာကြောင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ပြီးခဲ့တဲ့သြဂုတ်လ ၁၃ ရက်နေ့က ထပ်မံအာမခံလျှောက်ထားတယ်လို့ သိရပါတယ်။