ဦးဆန်းဆင့်အမှု ရုပ်သိမ်းပေးဖို့ ဒေးဒရဲပြည်သူတွေ ဆန္ဒပြတောင်းဆို


2014.08.09
usansint-305.jpg သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးမှာ ဇူလိုင်လ ၂၂ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Myo Thant Khaing/RFA

မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်အပေါ် တရားစွဲဆိုထားတာကို ပယ်ဖျက်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဒေးဒရဲမြို့မှာ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ ကြပါတယ်။

ဆန္ဒပြရတဲ့အကြောင်းအရင်းကို ဒေးဒရဲမြို့နယ် မရမ်းအနောက်အုပ်စု ကျောင်းဆိပ်ကျေးရွာက ကိုအောင်ကျော်ဆန်းက အခုလို ပြောပါတယ်။

"ဦးဆန်းဆင့်ဆိုရင် ပြန်လည်ထူထောင် ဖို့ နေပြည်တော် ပြည်ထောင်စုဝန်ကြီးရုံးကို သွားခဲ့တုန်းက ကူလည်းကူညီပေးတယ်၊ ဝန်ကြီးတွေနဲ့တွေ့ဆုံဖို့အတွက် ဦးဆန်းဆင့်က ကျနော်တို့ကို လမ်းကြောင်းပြပေးတယ်ပေါ့၊ ဧရာဝတီတိုင်းသားလည်း ဖြစ်တယ်ပေါ့နော်၊ တိုင်းဝန်ကြီးဖြစ်ခဲ့တုန်းကလည်း သူကပြည်သူလူထုအပေါ်ကို သက်ညှာတယ်၊ လွှတ်တော်ဥက္ကဌဖြစ်ခဲ့ တုန်းကလည်း ပြည်သူလူထုအပေါ်ကို ကျောသားရင်သားမခွဲခြားဘူးပဲ ကြည့်တယ်ပေါ့နော်၊ ဒီမိုရေစီလမ်းစဉ် ကိုလိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်တယ်၊ ကျနော်တို့ဘက်မှာဆိုရင် လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့ သူလုပ်ဆောင်ခဲ့တာတွေ အများကြီးပဲ၊ ဘယ်အရာပဲဖြစ်ဖြစ် ကူညီတတ်တဲ့ စိတ်နှလုံးသားလည်း ရှိတယ်ပေါ့နော်၊ အဲဒါကြောင့်မို့ ဦးဆန်းဆင့်ကို စွဲဆိုထားတာကို ပယ်ဖျက်ပေးဖို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်"

ဒေးဒရဲမြို့နယ် ကျုံဒါး၊ မရမ်းအနောက်၊ မရမ်းအရှေ့၊  လေးရွာစတဲ့ ကျေးရွာအုပ်စုတွေမှာရှိတဲ့ ရွာပေါင်း ၂၀ နီးပါးက ဒေသခံ ၂၀၀ လောက်ဟာ ဒေးဒရဲမြို့ ကမ်းနားလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဘုးရားလမ်းနဲ့ လမ်းမတော်လမ်းတလျှောက် ချီတက်တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့်ဟာ ပုဒ်မ ၁၂၄ နိုင်ငံတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုနဲ့ နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးမှာ တရားရင်ဆိုင်နေရပါတယ်။

ဦးဆန်းဆင့်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ရွေးကောက်ခံရပြီးနောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် ဆန်းပိုင်းအထိ ၂ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေရင်း ဖမ်းဆီးတရားစွဲဆိုခံခဲ့ရတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။