ဦးဆန်းဆင့် လွှတ်မြောက်ဖို့ ဆက်ကြိုးစား
2014.12.14

ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရတဲ့ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြစ်ဒဏ်လျှော့ပေါ့တာ မဟုတ်ပဲအပြီးသတ် တရားသေလွှတ်မြောက်ဖို့အတွက် ဥပဒေဘောင်အတွင်းကနေ ကြိုးစားသွားမယ်လို့ ဦးဆန်းဆင့်ရဲ့ ရှေ့နေတွေက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ သာသာနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ ရှေ့နေ ဦးတင်ထွန်းက ဥပဒေကြောင်းအရ ဆက်လက်တင်ပြ သွားမယ်လို့ ပြောခဲ့တာပါ။
"ဝန်ကြီးနဲ့ ကျနော်နဲ့ သဘောတူညီထားတဲ့ အချက်တွေ ကျနော်တို့က အယူခံတင်တယ် ၊ ပြင်ဆင်မှုတင်တယ်၊ အထူးအယူခံတင်တယ် စသည်အားဖြင့် ဥပဒေက အခွင့်အရေးကို လမ်းဆုံးလျှောက်မယ်၊ လျှောက်တဲ့အတိုင်း အတာမှာ ကျနော်တို့ ဘယ်တော့မှ လျော့ပေးပါ မပြောဘူး၊ ဘယ်တော့မှ အသနားမခံဘူး၊ ကျနော်က လွှတ်ကိုလွှတ်ရမယ်၊ ကျနော်ဒီလို သဘောထားတယ်"
ဦးဆန်းဆင့်အမှုကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံဝင်ခဲ့ရာ ပယ်ချခံခဲ့ရပါတယ်။
ဦးဆန်းဆင့်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) ၊ ပြည်သူပိုင် ပစ္စည်းအလွဲသုံးစားမှု ပုဒ်မ ၄ဝ၉ တို့နဲ့နေပြည်တော် ဒက္ခိဏသီရိ ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၃ နှစ်နဲ့ ငွေဒဏ်ကျပ် ၁ သိန်းပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဦးဆန်းဆင့်ဟာ လောလောဆယ်မှာ တောင်ငူအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေ ရတာဖြစ်ပါတယ်။