ဦးဆန်းဆင့်ကို အရေးမယူဖို့ လွှတ်တော်အမတ် ၅၀ ကျော် လက်မှတ်ထိုးတောင်းဆို
2014.10.16

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အပေါ် တရားစွဲဆိုထားတာကို နိုင်ငံတော်အစိုးရအနေနဲ့ သက်ညှာစွာစဉ်းစားပေးပြီး ပြစ်မှုတွေကို ရုပ်သိမ်းပေးရန် အတွက် လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက လက်မှတ်ရေးထိုးပေးပို့ထားတဲ့ စာတစ်စောင် ကို ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စု တရားသူကြီးချုပ် ထံ မနေ့က ပေးပို့လိုက်ပါတယ်။
ဦးဆန်းဆင့်အနေနဲ့ ငွေကြေးအလွဲသုံးစားမှု ပြုလုပ် တယ်ဆိုတာ မဖြစ်နိုင်ကြောင်း ယုံကြည်တဲ့အတွက် အခုလိုပါဝင် လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။
"အဓိကကတော့ အမှုမှန်ပေါ်ပေါက်ပြီးတော့ သူ့ကို မတရားမခံရစေဖို့ ကျမတို့က တိုက်တွန်းထား တာပေါ့နော်၊ ဒီဦးဆန်းဆင့်က အရင်တုန်းက လွှတ်တော်ဥက္ကဌ ဘဝတုန်းကလည်း တော်တော်သမာသမတ်နဲ့ သူလုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ နာမည်ကောင်းတော်တော်ရခဲ့တယ်၊ ငွေအလွဲသုံးစားလုပ်ခဲ့တာကလည်း တစ်ရာကျော်နဲ့ပေါ့၊ ဥပမာ ဝန်ကြီးဌာနတိုင်းမှာ တစ်ရာကျော်ဟာ မပြောပလောက်တဲ့ပိုက်ဆံပေါ့၊ ဦးဆန်းဆင့် ကိုယ်တိုင်က ဒီတစ်ရာကျော်ကို လျော်နိုင်တယ်ပေါ့၊ အဲဒီ့အတွက်ကြောင့် ဒါလေးကိုတော့ သေချာစိစစ်ပြီးတော့ လုပ်ပေးဖို့ကို ကျမတို့ကတောင်းဆိုတာပါ"
ဒါ့အပြင် ဦးဆန်းဆင့်ကို လွှတ်ပေးဖု့ိ ဧရာဝတီတိုင်းဒေသကြီးမှာနေထိုင်တဲ့ ပြည်သူတစ်ထောင်ကျော်နဲ့ သံဃာတော်တွေရဲ့ လက်မှတ်တွေကိုလည်း ဦးရွှေမန်းကတဆင့် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ပေးပို့ထားတယ်လို့ သိရပါတယ်။
အခုလက်မှတ်တွေကို လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဦးစီးကောက်ယူတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်လက်မှတ်ထိုးခဲ့ပါတယ်။
ဦးဆန်းဆင့်ကို ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု၊ နိုင်ငံတော် အကြည်ညိုပျက်အောင်လုပ်ဆောင်မှုနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး နေပြည်တော်ကောင်စီ ဒက္ခိဏသီရိခရိုင်တရားရုံးက မနက်ဖြန် အမိန့်ချမှတ်မယ်လို့ သိရပါတယ်။
လက်မှတ်ရေးထိုးခဲ့သူတွေထဲမှာပါဝင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။