မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ဒေါ်လာ ၇၄ သန်း အမေရိကန် ကူညီမည်
2023.07.14

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၇၄ သန်းကျော် ထပ်ပြီးကူညီထောက်ပံ့သွားမယ်လို့ အမေရိကန်အစိုးရက ဇူလိုင် ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ကူညီတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့ကို လက်ခံကူညီပေးထားသူတွေကို ထောက်ပံ့မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း ကူညီသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကစပြီး အကူအညီလိုအပ်နေသူတွေကို ထောက်ပံ့ခဲ့တာ အခုဆိုရင် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်သွားပြီလို့လည်း USAID က ထုတ်ပြန်ထားပါတယ်။