မြန်မာမှာ ငလျင်ဘေး ကူညီပေးနေတဲ့ USAID ဝန်ထမ်း ၃ ဦး အလုပ်ထုတ်ခံရ

RFA Burmese
2025.04.06
မြန်မာမှာ ငလျင်ဘေး ကူညီပေးနေတဲ့ USAID ဝန်ထမ်း ၃ ဦး အလုပ်ထုတ်ခံရ မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် လှူဒါန်းထားသော ကယ်ဆယ်ရေးပစ္စည်းများအတွက် တန်းစီစောင့်ဆိုင်းနေသူများကို ဧပြီလ ၃ ရက်၊ ၂၀၂၅ နေ့က တွေ့ရစဉ်။ Photo: Reuters
RTR

ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး လိုအပ်ချက်တွေကို လေ့လာဖို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ USAID ဝန်ထမ်း သုံးဦး အလုပ်က ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။

သူတို့ သုံးဦးထဲက တစ်ဦးက ဝါရှင်တန်ဒီစီမြို့တော်ကနေ ထွက်ခွာလာတာဖြစ်ပြီး၊ ကျန်နှစ်ဦးက မနီလာ နဲ့ ဘန်ကောက်မြို့က ထွက်ခွာလာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ သုံးဦးဟာ မန္တလေးမြို့မှာ ရှိနေပြီး အလုပ်ထုတ်ပယ်တဲ့စာကို သောကြာနေ့က လက်ခံရရှိခဲ့တာလို့ သတင်းက ဖော်ပြပါတယ်။

ဒီ ဝန်ထမ်း သုံးဦးဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မယုံနိုင်လောက်အောင် ကြိုးစားလုပ်နေကြသူတွေဖြစ်တယ်၊ သူတို့ဟာ လမ်းတွေပေါ်မှာဘဲ အိပ်စက်နေရတယ်၊ သူတို့ရဲ့ အလုပ်ရပ်စဲမှုဟာ လအနည်းငယ်အတွင်း အသက်ဝင်မှာဖြစ်တယ်လို့ USAID အကြီးတန်းအရာရှိဟောင်း Marcia Wong က ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီလမှာ တာဝန် စယူခဲ့တဲ့နောက် နိုင်ငံတကာအကူအညီပေးရေး ရန်ပုံငွေတွေကို ဖြတ်တောက်ခဲ့ပြီး USAID ဌာနကိုလည်း လုံးဝနီးပါးဖျက်သိမ်းခဲ့သလို ဝန်ထမ်း ထောင်နဲ့ချီ အလုပ်ဖြုတ်ခဲ့ပါတယ်။

USAID ကို ဖြိုခွင်းမှုကြောင့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့တဲ့ ငလျင်ကို တုံ့ပြန်ဖို့ ဝါရှင်တန်က နှေးကွေးနေတယ်လို့ ဝေဖန်ချက်တွေကို နိုင်ငံခြားရေး မာကို ရူဘီရိုက ပယ်ချလိုက်ပါတယ်။

အမေရိကန်ဟာ ကမ္ဘာ့ထိပ်တန်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလှူရှင်ဖြစ်လာတော့မှာ မဟုတ်ကြောင်း နဲ့ တခြား ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ကူညီပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။