မြန်မာ့အရေးအတွက် ဒေါ်လာ ၁၃၆ သန်းထက်မနည်း ကူညီဖို့ သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ထိုး

အောင်သိင်္ခ(ဝါရှင်တန်ဒီစီ)
2022.12.30
မြန်မာ့အရေးအတွက် ဒေါ်လာ ၁၃၆ သန်းထက်မနည်း ကူညီဖို့ သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ထိုး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။
AFP

မြန်မာပြည်ဒီမိုကရေစီနဲ့ ဖက်ဒရယ်အရေးအတွက် အမေရိကန် ဒေါ်လာ ၁၃၆ သန်းထက် မနည်းသုံးစွဲနိုင်ဖို့ ၂ဝ၂၃ ခုနှစ် အမေရိကန် အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု ဥပဒေ Consolidated Appropriations Act of 2023 ကို အမေရိကန် သမ္မတ‌ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၉ ရက်နေ့က လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။

ဒီလိုအတည်ပြုလိုက်တဲ့အပေါ် ဝါရှင်တန်ဒီစီ အခြေစိုက်ချင်းရေးရာအဖွဲ့ မေရီလန်းက ကြိုဆိုထောက်ခံကြောင်း မနေ့က ထုတ်ပြန်ပါတယ်။

ဒေါ်လာ ၁၃၆ သန်းဟာ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေး၊ အချက်အလက်စုဆောင်းရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင်ပြုတ်ကျရေးတို့အတွက် သီးသန့်ငွေကြေးထောက်ပံ့မှု တစ်စုံတစ်ရာဖြစ်တယ်လို့ ချင်းရေးရာအဖွဲ့ မေရီလန်းရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဇိုသုန်းမှုန်က RFA ကိုပြောပါတယ်။

“အမေရိကန်အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု ဥပဒေကို သမ္မတ ဂျိုးဘိုင်ဒန်ကနေ လက်မှတ်ထိုး အတည်ပြုလိုက်ပြီး အဲဒီမှာ မြန်မာ့အရေးအတွက် ဒေါ်လာ ၁၃၆ သန်းထက်မနည်းပဲ အကူအညီ ပေးသွားမယ်ဆိုတာ ပါတယ်။ ကျွန်တော်တို့ ကြိုဆိုတယ်။ ဝမ်းလည်း ဝမ်းသာတယ်။”

ဒီလိုကူညီပေးတာကို ကျေးဇူးတင်ကြောင်း ဒါပေမဲ့ မြန်မာ့ဒီကရေစီအရေးအတွက် လုံလောက်တဲ့ ငွေပမာဏာတော့ မဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန် အစိုးရဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုဥပဒေကို ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီး ၂၃ ရက်နေ့မှာ အောက်လွှတ်တာက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီထဲမှာ မြန်မာနိုင်ငံမှာကြုံနေရတဲ့ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ထိုင်းနိုင်ငံကနေတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးအပ်ရာမှာ သုံးစွဲမယ့်အကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကလုပ်နေတဲ့ လုပ်ငန်း အချို့အတွက် အသုံးပြုသွားမယ်လို့ ဖော်ပြထားတယ်။

အကြမ်းမဖက်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေသူတွေအတွက်လည်း အသုံးပြုမယ်လို့ ပါပါတယ်။ ဒါပေမဲ့ ဒီရန်ပုံငွေတွေကို လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ အစိတ်အပိုင်းတွေဆီကိုတော့ ပေးအပ်မှာ မဟုတ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်


အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူတွေကို ကူညီထောက်ပံ့မယ့် အချက်တွေ ပါတဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ ကိုလည်း သမ္မတ ဂျိုးဘိုင်ဒန်က ဒီဇင်ဘာ ၂၃ ရက် နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။