မြန်မာ့ ငါး၊ ပုဇွန် အမေရိကန်မှာ ပြသမည်


2014.03.14
prawn-305.jpg ပုဇွန်စိမ်းများကို တွေ့ရစဉ်
photo: Internet

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း ဘော့စတွန်မြို့မှာ နှစ်စဉ်ကျင်းပတဲ့ Seafood Expo North America ဆိုတဲ့ မြောက် အမေရိက ရေထွက်ပစ္စည်းမျိုးစုံပြပွဲမှာ မြန်မာနိုင်ငံက ထွက်ကုန်တွေပြသဖို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ကုန်သည်တွေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေကြပါတယ်။

မတ်လ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၃ ရက်ကြာပြသမယ့် အဲဒီကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံထွက် ငါး၊ ပုဇွန်တွေပြသဖို့နဲ့၊  အမေရိကန်ရေထွက် ပစ္စည်းဈေးကွက်ကို လေ့လာဖို့ဖြစ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က RFA ကို ပြောပါတယ်။

"အမေရိကန်ဈေးကွက်က ဘယ်လိုမျိုးတွေရှိသလဲ၊ နောက်ဘယ်လို policy မျိုး ကြိုက်သလဲ၊ နောက် ဘယ်လိုရာသီဥတုမျိုးနဲ့ ကိုက်ညီပြီးတော့ ကျနော်တို့မွေးရင် အကျိုးအမြတ်က ဘယ်လိုဟာမျိုးတွေ ရှိနိုင်သလဲလို့၊ ကျနော်တို့မှာ အားသာတာတစ်ခုက စီးပွားရေးပိတ်ဆို့မှုကလည်း ရုပ်သိမ်းပြီးပြီဆိုတော့ အဲဒီဈေးကွက်ကို လာပြီးလေ့လာတဲ့သဘောပါ"

အဲဒီပြပွဲဟာ မြောက်အမေရိကတိုက်မှာ အကြီးဆုံး ရေထွက်ပစ္စည်းမျိုးစုံပြပွဲတစ်ခုဖြစ်ပြီး၊ နိုင်ငံပေါင်း တစ်ရာကျော် ပါဝင်ပြသမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ မြန်မာ့ ပုဇွန်၊ ပုဇွန်ထုပ်၊ ပင်လယ်ပုဇွန်၊ ကျောက်ပုဇွန်တွေအပြင် ရေခဲရိုက်ငါး၊ ပုဇွန်တွေလည်း ပြသမှာဖြစ်ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ စုစုပေါင်း အယောက် ၃ဝ ပါဝင်မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။