မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂကတစ်ဆင့် တိုးပြီးဖိအားပေးဖို့ အမေရိကန် ကြိုးစားနေ
အမေရိကန် နိုင်ငံအနေနဲ့ မြန်မာ စစ်ကောင်စီကို ကုလသမဂ္ဂ ကနေ တဆင့် ဖိအားပေးဖို့ ကြိုးစားနေတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က AFP သတင်းဌာနကို ပြောလိုက်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လက နိုင်ငံရေးအကျဉ်းသား လေးဦးကို သေဒဏ်စီရင်လိုက်တာနဲ့၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေကို ထောက်ပြပြီး၊ စစ်ကောင်စီကို အခုထက်ပိုပြီး ဖိအားပေးဖို့ လိုနေတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြတယ်လို့ သူက ပြောပါတယ်။
အခုအချိန်မှာ စစ်ကောင်စီဟာလည်း မြန်မာနိုင်ငံနယ်နမိတ်ရဲ့ တစ်ဝက်လောက်ကိုတောင် ထိန်းချုပ်ထားနိုင်ခြင်း မရှိတဲ့အကြောင်းနဲ့ လာမယ့်နှစ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တာကြောင့် အသိအမှတ်မပြုကြဖို့လည်း နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
ဒဲရစ်ချိုလက်က သူ့အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့လည်း အွန်လိုင်းကနေ အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအရေး နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ resolution ဆုံးဖြတ်ချက် ထုတ်ပြန်ဖို့ အလားအလာနဲ့ပတ်သက်ပြီး အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးနေပေမဲ့၊ အကောင်အထည်ပေါ်လာဖို့ စောနေသေးတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး၊ လုံခြုံရေး ကောင်စီကနေ အရေးယူ ဆောင်ရွက်ဖို့ ကြိုးစားရမှာ ဖြစ်ပေမယ့်၊ လုံခြုံရေး ကောင်စီမှာ ဗီဒိုအာဏာသုံးခွင့်ရှိတဲ့ တရုတ် နဲ့ ရုရှား နှစ်နိုင်ငံဟာ မြန်မာ စစ်တပ်ရဲ့ မဟာမိတ် ဖြစ်နေတဲ့အတွက်၊ လုံခြုံရေးကောင်စီကနေ ဘယ်လောက်အထိ လုပ်ဆောင်ခွင့်ရမလဲ ဆိုတာကို လက်တွေ့ကျကျ စဉ်းစားဖို့ လိုတယ်လို့လည်း ဒဲရစ် ချိုလက်က AFP ကို ပြောသွားပါတယ်။