မွန်ဂိုလီးယားက ဒီမိုကရေစီ ညီလာခံကို အမေရိကန် အားရ
2013.04.30

မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ သတ္တမ အကြိမ်မြောက် ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံဟာ အကျိုးရလဒ်တွေ အများအပြားရရှိခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင် စု နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
Community of Democracies (CD) လို့ ခေါ်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းရဲ့ ဝန်ကြီးများအဆင့် ညီလာခံကို ၂ နှစ် ၁ ကြိမ်ကျင်းပနေရာမှာ ဒီနှစ်အတွက် အလှည့်ကျဥက္ကဌအဖြစ်တာဝန်ယူတဲ့ မွန်ဂိုလီးယားနိုင်ငံရဲ့ မြို့တော် အူလန်းဘာတာမြို့မှာ ဧပြီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်အနေ့အထိ ကျင်းပခဲ့ပါတယ်။
ဒီညီလာခံကို အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းရေး နိုဘဲဆုရှင်တွေဖြစ် ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယီမင်နိုင်ငံသူ တာဝပ်ကောကာမာတို့အပါအဝင် နိုင်ငံပေါင်း ၁၁၀ ဝန်းကျင်က ကိုယ်စားလှယ်တွေနဲ့အတူ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဘန်းစ်လည်း တက်ရောက်ခဲ့ ပါတယ်လို့ ကြေညာချက်မှာဖေါ်ပြပါတယ်။
ညီလာခံမှာ ကမ္ဘာတဝှမ်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တိုးတက်ခိုင်မာရေးအတွက် ဘယ်လိုဘယ်ပုံ ကူညီပံ့ပိုးပေးကြမလဲဆိုတာ ဆန်းစစ်ခဲ့ကြပါတယ်။
ပွင့်လင်းတဲ့အစိုးရ၊ နိုင်ငံရေးအပြောင်းအလဲတွေ၊ အမျိုးသမီးနဲ့ ဒီမိုကရေစီ၊ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အန္တရာယ်များစတဲ့ အကြောင်းအရာတွေအပြင်၊ ဒီမိုကရေစီ ပညာပေးလုပ်ငန်း၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ အာရပ်နွေဦးရဲ့ သင်္ခန်းစာတွေနဲ့ ပြဿနာတွေ၊ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များနှစ်ဖြစ်တဲ့ ၂၀၁၅ အလွန်မှာ ဒီမိုကရေစီရဲ့နေရာ၊ အင်တာနက်နဲ့ ပုံနှိပ်မီဒီယာစတဲ့အမျိုးအမည်စုံလင်လှတဲ့ အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်။
ဒါ့ပြင်ဒီနှစ် ညီလာခံဟာ ကမ္ဘာတဝှမ်း ဒီမိုကရေစီ တိုးတက်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပိုမိုအားကောင်းလာရေးအတွက် မှတ်တိုင်သစ်တစ်ခုအဖြစ် မှတ်ယူရမှာဖြစ်ကြောင်းလည်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။