အမေရိကန်အရာရှိက ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တွေ့ဆုံပွဲအကြောင်း မေးမြန်း
2011.08.17
ပဲခူး ခရီးစဉ် အောင်မြင်တာနဲ့ ပတ်သက်ပြီး သဘောကျ ကျေနပ်တယ် ဆိုတဲ့ အကြောင်း၊ မှတ်ပုံတင်မည့် ကိစ္စ၊ ရွေးကောက်ပွဲဝင်မည့် အလားအလာ ဘယ်လိုရှိတယ် ဆိုတဲ့ အကြောင်းများကို မေးမြန်းသွားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုံးအဖွဲ့မှူး ဦးဝင်းထိန်က RFA ကို ပြောပါတယ်။
Mr. Atman Trivedi နဲ့ အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့ခင် နာရီပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးနဲ့ ခေါင်းဆောင်တွေကို NLD ရုံးချုပ်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ Mr. Trivedi က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဝန်ကြီး ဦးအောင်ကြည် တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဘယ်လောက် မျှော်မှန်းထားသလဲ ဆိုတာကိုလည်း မေးမြန်းတယ်လို့ ဆိုပါတယ်။
Mr. Trivedi နဲ့အဖွဲ့ဟာ မနက်ပိုင်းကလည်း တခြား နိုင်ငံရေး ပါတီ ခေါင်းဆောင် တချို့နဲ့ တွေ့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာတော့ Mr. Atman Trivedi က ပြီးခဲ့တဲ့ ရွေးကောက်ပွဲက အခြေအနေတွေ၊ ပါတီတွေနဲ့ အစိုးရရဲ့ လက်ရှိ လုပ်ဆောင်နေမှုတွေကို မေးမြန်းခဲ့တယ်လို့ ဒီမိုကရက် တစ်ပါတီ မြန်မာပြည် ဥက္ကဌ ဦးသုဝေက ပြောပါတယ်။
အထက်လွှတ်တော် အမတ် John Kerry ရဲ့ အကြံပေး ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် သူ့အနေနဲ့ အရှေ့တောင် အာရှကို အတော်လေး လေ့လာခဲ့ဖူးကြောင်း၊ လက်ရှိအခြေအနေကို အထက်လွှတ်တော် အမတ် John Kerry က သိရှိလိုကြောင်း၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရှိခဲ့တဲ့ အခက်အခဲ၊ အခု အခြေအနေတွေ ပြောင်းလဲမှု ရှိ မရှိ၊ အစိုးရရဲ့ ဆောင်ရွက်မှုတွေနဲ့ အထူးသဖြင့် လူမျိုးစုပါတီများကို လာမည့်လွှတ်တော်မှာ အဆိုပြုမည့် အကြောင်းအရာတွေကို မေးမြန်းခဲ့တယ်လို့ ဦးသုဝေက ပြောပါတယ်။
ဒီမိုကရေစီ မိတ်ဆွေပါတီများ အဖွဲ့အနေနဲ့ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပွဲမှာ တင်ပြဖို့ အတွက် ကြိုတင် ရေးဆွဲထားတဲ့ စာတမ်း တစ်စောင်ကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာတမ်းမှာ မိတ်ဆွေ ပါတီများကို ဖွဲ့စည်းပြီး အစိုးရနဲ့ တကွ နိုင်ငံတကာကို တိုက်တွန်း ဆောင်ရွက်ချက်တွေ အကြောင်း ပြုစု ရေးသားထားတယ်လို့ ဆိုပါတယ်။ ဒီစာတမ်းအရ မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးသုဝေက ပြောပါတယ်။
အမေရိကန် ကိုယ်စားလှယ်တွေ ကလည်း နိုင်ငံ အတွက် အသိပညာ ပေးရေး ကိစ္စတွေမှာ ဝိုင်းဝန်း ကူညီပေးမဲ့ အကြောင်း ပါတီ ခေါင်းဆောင်တွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် အထက်လွှတ်တော် အမတ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဒီကနေ့ တွေ့ဆုံပွဲကို ဒီမိုကရေစီ မဟာမိတ် ပါတီများ အဖွဲ့က ပါတီ
ခေါင်းဆောင် ၈ ဦး နဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ခေါင်းဆောင် တစ်ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာပဲ ထိုင်ဝမ် နိုင်ငံ အတိုက်အခံ ပါတီဖြစ်တဲ့ Democratic Progressive Party က အမျိုးသမီးတဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ထိုင်ဝမ် အတိုက်အခံပါတီ ဥက္ကဌ Ms Tsai Ing-wen ကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးစကား ပြောဆိုတယ်လို့ သိရပါတယ်။ Ms. Tsai Ing-wen ဟာ ၂၀၁၂ ဇန်နဝါရီမှာ ကျင်းပမည့် ထိုင်ဝမ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေသူ ဖြစ်ပါတယ်။