မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုအပေါ် ဂျိုးဇက်ယွန် သတိပေး
2011.05.21

မစ္စတာယွန်ရဲ့ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီး ရန်ကုန် အမေရိကန်သံရုံးက မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ- မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုတွေအပေါ် အမေရိကန်နိုင်ငံက စိုးရိမ်ပူပန်မှု ရှိကြောင်း၊ မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့ အရေးယူထားတဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံကလည်း လေးစားလိုက်နာဖို့ ပန်ကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
မြောက်ကိုရီးယား-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ အလားတူ စိုးရိမ်ပူပန်မှုကို မနှစ်က ပေါက်ကြားခဲ့တဲ့ ဝီကီလိခ်စ် အမေရိကန်သံရုံး ကြေးနန်းမှတ်တမ်းတွေမှာလည်း ဖော်ပြခဲ့ဖူးပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုမှာ မြောက်ကိုရီးယားနိုင်ငံက လက်နက်ပစ္စည်း ဝယ်ယူရောင်းချမှု အားလုံးကို ပိတ်ပင်ထားပြီး လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်းက သယ်ယူ ပို့ဆောင်မှု အားလုံးကို ခွင့်ပြုချက်ရှိတဲ့ နိုင်ငံတနိုင်ငံက ရှာဖွေထိန်းသိမ်း ဖျက်ဆီးခွင့် ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာအပြီး ပထမဆုံး အလည်အပတ် ရောက်ရှိလာတဲ့ အမေရိကန် အစိုးရ အကြီးတန်းအရာရှိတဦး ဖြစ်တဲ့ ဂျိုးဇက်ယွန်ဟာ မြန်မာအစိုးရသစ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အရင် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲတွေမှာ မြန်မာ-အမေရိကန် ဆက်ဆံရေး တိုးတက်ဖို့ အာသီသ ရှိကြောင်း၊ ဒီလို တိုးတက်ဖို့အတွက် မြန်မာအစိုးရဘက်က အဓိပ္ပာယ်ရှိပြီး လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး ဖြစ်ပေါ်လာအောင် ဆောင်ရွက်ချက်တွေ၊ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်ပေးရေး ကိစ္စတွေမှာ မူတည်ကြောင်း ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာယွန်ဟာ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လိုလားသူတွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ အမျိုးသားရင်ကြားစေ့ရေး ပေါ်ပေါက်လာဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
မစ္စတာယွန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ဝါရှင်တန်ဒီစီ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောခွင့်ရသူ Mark Toner ကို RFA က ကိုကျော်မင်းထွန်း ဆက်သွယ်မေးမြန်းပြီး တင်ပြထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။