မြန်မာစစ်တပ်အတွင်း မြောက် ကိုးရီးယားနဲ့ ဆက်သွယ်သူတွေ ရှိနိုင်သေးဟု ကန် ပြောကြား


2016.09.30
army-parade-622.jpg နေပြည်တော်မှာကျင်းပတဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ချီတက်အလေးပြုတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ်
Photo: RFA

မြန်မာတပ်မတော်အတွင်းက လူတချို့နဲ့ မြောက်ကိုးရီးယားနိုင်ငံအကြား စစ်ရေးအဆက်အသွယ်တွေ ဆက်လက် ရှိနေနိုင်တယ်လို့ အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် သမ္မတ အိုဘားမားတို့ စက်တင်ဘာလ ၁၄ ရက်နေ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့စဉ်က အရင်မြန်မာအစိုးရလက်ထက်မှာ မြောက်ကိုးရီးယားနဲ့ ဆက်သွယ်ခဲ့တဲ့ လူဟောင်းလက်ကျန် တချို့ဟာ အခုလည်း ဆက်လက်လှုပ်ရှားနေတယ်လို့ အမေရိကန်ပြည်ထောင်စုက ယူဆကြောင်းနဲ့ အဲဒီ လူတွေကို ရှာဖွေဖယ်ရှားဖို့ အထူးအရေးကြီးကြောင်း ပြောဆိုခဲ့တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ရပ်ဆဲလ် Daniel Russel က ဗုဒ္ဓဟူးနေ့ ကျင်းပတဲ့ အထက် လွှတ်တော် ကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရကို နိုင်ငံတကာ ပိတ်ဆို့မှုတွေပြုလုပ်ခဲ့စဉ်က ကာကွယ်ရေးပစ္စည်းတွေကို မြောက်ကိုရီးယားက ဝယ်ယူခဲ့ပါတယ်။ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်အနေနဲ့ မိမိတို့ အမေရိကန်ပြည်ထောင်စုနဲ့ ပုံမှန်ဆက်ဆံမှု ထူထောင်လိုတယ်ဆိုရင် မြောက်ကိုရီးယားကို အဆက်ဖြတ်ဖို့အတွက် အဲဒီလူဟောင်းလက်ကျန်တွေကို ရှင်းပြစ်ဖို့ လိုတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ရပ်ဆယ်လ် က ကြားနာပွဲမှာ ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Ashton Carter အက်ချ်တွန် ကာတာက အမေရိ ကန်ပြည်ထောင်စုဟာ အာရှဒေသအတွင်း တရုတ်ပြည်ရဲ့ အင်အားချဲ့ထွင်မှုကို ချိန်ခွင်လျှာမျှဖို့ အတွက် မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးမြှင့်ခဲ့ကြောင်း မနေ့က ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

ထပ်မံရရှိတဲ့ နောက်ဆုံးသတင်းတစ်ပုဒ်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ အလုပ်သမားရေး ရာ အထူးကိုယ်စားလှယ် Sarah Fox ဟာ မြန်မာနဲ့ ကမ္ဘောဒီးယားကို အောက်တိုဘာ ၅ ရက်နေ့အတွင်း သွားရောက်မှာဖြစ်ပါတယ်။ အဲဒီ အထူးကိုယ်စားလှယ် Sarah Fox ဟာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဒိန်းမတ်၊ ဥရောပနိုင်ငံများအဖွဲ့နဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အလုပ်သမား အခွင့်အရေး ပိုမိုမြင့်မားရေး အစပျိုးဖို့အတွက် မြန်မာအစိုးရတာဝန်ရှိသူတွေ အလုပ်သမားအဖွဲ့အစည်းတွေ လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။