အခြေမချ အမေရိကန်ဗီဇာအချို့ အင်တာဗျူးမလိုဘဲ သက်တမ်းတိုးခွင့်ပြု
2025.01.28
အခြေချနေထိုင်ခွင့်မရှိတဲ့ဗီဇာ (non – immigrant visa) ရရှိထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကာလသတ်မှတ်ချက်နဲ့ညီရင် အင်တာဗျူး ဖြေစရာမလိုဘဲ သက်တမ်းတိုးနိုင်မယ်လို့ ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးက ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကြေညာပါတယ်။
ဒီအစီအစဉ်မှာ ကျောင်းသားဗီဇာ (F1)၊ နိုင်ငံတကာရေကြောင်းနဲ့ လေကြောင်းဆိုင်ရာ ဝန်ထမ်းတွေ ကိုင်ဆောင်တဲ့ဗီဇာ ( C1၊ D ၊ C1/D ) နဲ့ စီးပွားလုပ်ငန်းဆိုင်ရာ၊ အလုပ်အကိုင်၊ ဆေးဝါးကုသမှုနဲ့ အလည်အပတ်ဗီဇာတွေဖြစ်တဲ့ ( B1၊ B2၊ B1\B2) အမျိုးအစားတွေ အကျုံးဝင်ပါတယ်။
C1/D နဲ့ F1 ဗီဇာကိုင်ဆောင်ထားသူတွေအနေနဲ့ သံရုံးအင်တာဗျူး ဖြေစရာမလိုဘဲ လေးနှစ်အတွင်း သက်တမ်းတိုးနိုင်မှာဖြစ်ပြီး B1၊ B2၊ B1\B2 ဗီဇာတွေက တစ်နှစ်အတွင်း အင်တာဗျူးမလိုဘဲ သက်တမ်းတိုးနိုင်မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ဗီဇာသက်တမ်းတိုးပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးကတော့ အရင်ဗီဇာရထားဖူးတဲ့သူတွေကိုပဲ အင်တာဗျူးမလိုဘဲ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အင်တာဗျူးမလိုဘဲ သက်တမ်းထပ်တိုးနိုင်တယ်ဆိုတာက ဒါအရင်ရထားပြီးတဲ့ သူတွေအတွက်ပဲပေါ့နော်။ အသစ်တွေကတော့ အင်တာဗျူးဖြေရမှာပါ“
သတ်မှတ်ကာလထက် ကျော်လွန်တဲ့ ဗီဇာလျှောက်ထားမှုတွေမှာတော့ ပုံမှန်အတိုင်း သံရုံးမှာ အင်တာဗျူးဖြေဆိုရမှာဖြစ်ပါတယ်။