ပြည်နှင်ဒဏ်ပေးခံရသူ ၃၁ ဦးကို မြန်မာအစိုးရ လက်ခံဖို့ ဆုံးဖြတ်


2018.07.13
us-myanmar-flag-622.jpg အမေရိကန်အလံနဲ့ မြန်မာအလံကို တွေ့ရစဉ်
Photo: RFA

အမေရိကန်နိုင်ငံမှာ ပြစ်မှုကျူးလွန်ခဲ့တာကြောင့် ပြည်နှင်ဒဏ်ပေးခံရသူ ၃၁ ဦးကို ပြန်လည်လက်ခံရေး ကိစ္စ မြန်မာအစိုးရဘက်က လက်ခံလိုက်ပါတယ်။

အဲဒီ ၃၁ ဦးကို မကြာခင်မှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။

“ကျန်နေတဲ့ ၃၁ ယောက်ကိုလည်း ကျနော်တို့ ဇူလိုင်လ ၄ ရက်နေ့က C of I ( Certificate of Identity) ထုတ်ပြီး ပြန်လည်လက်ခံဖို့ ကျနော်တို့ ဆုံးဖြတ်ပြီးဖြစ်ပါတယ်။ ကျနော်တို့ဘက်က သဘောတူညီမှုရရင် သူတို့က ပြန်လည်ပေးပို့ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒီ ၃၁ ယောက်ကို မကြာခင် ထုတ်ပေးပြီးရင်တော့ ကျနော်တို့ဘက်ကို လွှဲပြောင်းပေးမှာပါ။”

၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ အမေရိကန်ကိုရောက်ရှိပြီး ပြစ်မှုကျူးလွန်ခဲ့သူ ၄၇ ဦးရှိကြောင်း မြန်မာအစိုးရ ဘက်က ၁၆ ဦးကို ပြန်လည်လက်ခံပြီးဖြစ်တာကြောင့် ၃၁ ဦးကျန်ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်ခေါ်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းထားတဲ့အပေါ် မြန်မာအစိုးရဘက်က စိစစ်ရာမှာ ကြန့်ကြာနေသလို ပူးပေါင်းဆောင်ရွက်မှုနှေးတယ်ဆိုပြီး ဝန်ကြီးဌာနနှစ်ခုက အရာရှိတွေနဲ့ မိသားစုဝင်တွေကို အမေရိကန်ကို အလည်အပတ်လာရောက်ခွင့် ပိတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူတွေ၊ အထက်အရာရှိတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို အခုလ ၄ ရက်နေ့က ပိတ်လိုက်တာပါ။

လက်ရှိမှာ မြန်မာအစိုးရဘက်က ပြန်လည်လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်တာကြောင့် ကန့်သတ်မှုတွေကို အမေရိကန်နိုင်ငံဘက်က ပြန်လည်ရုပ်သိမ်းနိုင်ခြေရှိတယ်လို့ ဦးမြင့်သူ က ပြောပါတယ်။

ပြည်နှင်ဒဏ်ပေးခံရသူတွေဟာ မီးရှို့မှု၊ လုယက်မှု၊ အလစ်သုတ်မှု စတဲ့ မှုခင်းတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ပြီး သူတွေဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။