အမေရိကန် ဗီဇာကြေးတိုးမြှင့်မှု နိုင်ငံခြားကျောင်းသားတွေ အခက်တွေ့
2018.04.09
အမေရိကန်ပြည်ထောင်စုကို သွားရောက် ပညာသင်ယူကြသူ မြန်မာ အပါအဝင် နိုင်ငံရပ်ခြား စာသင်သားတွေကို သမ္မတ ထရမ့် အစိုးရက ပြည်ဝင်ခွင့် ဗီဇာကြေး တိုးမြှင့်လိုက်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေ အခက်တွေ့နေကြရတယ်လို့ ဟောင်ကောင်အခြေစိုက် Coconuts Media က ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးက ကျောင်းသားဗီဇာကြေးကို တိုးမြှင့်ကြောင်း ကြေညာ ခဲ့ပါတယ်။ ဧပြီလ ၉ ရက်နေ့ကစပြီး ကျောင်းသားဗီဇာကြေးကို ဒေါ်လာ ၁၆၀ ကနေ ဒေါ်လာ ၆၀၀ အထိ တိုးမြှင့်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပညာသင်ယူနေတဲ့ အမေရိကန် ကျောင်းသားတစ်ယောက်အတွက် ဗီဇာကြေး ဒေါ်လာ ၆၀၀ ဖြစ်တဲ့အတွက်၊ အမေရိကန်မှာ ပညာသင်မယ့် မြန်မာကျောင်းသားအတွက်လည်း ဗီဇာကြေး ဒေါ်လာ ၆၀၀ သတ်မှတ်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူနေကြတဲ့ မြန်မာကျောင်းသူကျောင်းသားတွေက အခုလို ဗီဇာကြေး တိုးမြှင့်တာဟာ မတရားကြောင်း၊ အမေရိကန်ကျောင်းသားတစ်ဦးအတွက် သီတင်း တစ်ပတ် အလုပ်လုပ်ရင် ဒေါ်လာ ၆၀၀ မက ရနိုင်ပေမယ့် မြန်မာနိုင်ငံမှာ အနည်းဆုံး ၇ လ လောက်လုပ်မှ ရနိုင်ကြောင်း၊ ဗီဇာကြေး မြင့်မားတဲ့အတွက် မြန်မာလူငယ်တွေရဲ့ ပညာရေးအခွင့်အလမ်း ဆုံးရှုံးသွားရကြောင်း၊ အထူး သဖြင့် မြန်မာနိုင်ငံရဲ့ လူလတ်တန်းစားကို ထိခိုက်သွားမှာဖြစ်ကြောင်း မြန်မာကျောင်းသားများသမဂ္ဂ - ယူအက်စ်အေ က အမေရိကန်အစိုးရထံကို အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ခဲ့ပါတယ်။
ဒါ့ပြင် ဗီဇာကြေးတိုးမြှင့်လိုက်တဲ့အတွက် ကျောင်းပိတ်ရက်တွေမှာ အိမ်ပြန်ကြမှာမို့ ပညာသင်နှစ် လေးနှစ် အတွက် ဒေါ်လာ ၂၄၀၀ ကုန်ကျသွားမှာဖြစ်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ အခုလို ကျောင်းသား ဗီဇာကြေး တိုးမြှင့်လိုက်တဲ့ရည်ရွယ်ချက်တွေထဲမှာ နိုင်ငံတွင်းကို အစွန်းရောက်အကြမ်းဖက်သမားတွေ ဝင်ရောက်မလာအောင် တားဆီးတဲ့ ရည်ရွယ်ချက်လည်း ပါဝင်တယ် ဆိုပေမယ့် ဘာကြောင့် ကျောင်းသားကို ပစ်မှတ်ထားရသလဲဆိုတာ နားမလည်နိုင်ကြောင်းလည်း ကျောင်း သားတွေက ပြောပါတယ်။