ပြည်တွင်း ဒေါ်လာလိုအပ်ချက် မဖြည့်ဆည်းနိုင်သေးကြောင်း စစ်ကောင်စီပြော

2021.09.30
ပြည်တွင်း ဒေါ်လာလိုအပ်ချက် မဖြည့်ဆည်းနိုင်သေးကြောင်း စစ်ကောင်စီပြော အမေရိကန်ဒေါ်လာတွေကို တွေ့ရစဉ်
Photo: ALI AL-SAADI / AFP

ပြည်တွင်းမှာ ဒေါ်လာဈေးမြင့်တက်နေတာကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ထုတ်ရောင်း ပေးနေပေမယ့် လိုသလောက်မဖြည့်ဆည်းပေးနိုင်သေးဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၃၀ ရက် ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"တချို့လည်း ပြောနေတာရှိပါတယ်။ ဗဟိုဘဏ်ကနေ ထုတ်ရောင်းနေတဲ့ ဒေါ်လာတွေက ပြည်တွင်း လိုအပ်ချက်နဲ့ ပတ်သက်ပြီးတော့ လိုအပ်သလောက် ဖြည့်ဆည်းမပေးနိုင်ဘူးဆိုတဲ့ဟာမျိုးလည်း ရှိပါတယ်။ ဒါလည်း အဖြစ်မှန် တစ်ခုပါပဲ"

စစ်ကောင်စီအနေနဲ့ ဗဟိုဘဏ်ကနေ ဒေါ်လာထုတ်ရောင်းတာ၊ ပို့ကုန်ရငွေတွေကို အချိန်မီရအောင် ဆောင်ရွက်တာတွေ၊ လုပ်ဆောင်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့မှာလည်း ပို့ကုန်ရငွေတွေထဲက မသုံးတဲ့ နိုင်ငံခြားငွေကို လေးလအတွင်း ဘဏ်တွေကို မဖြစ်မနေ ပြန်ရောင်းဖို့ ဗဟိုဘဏ်က အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ပါတယ်။

စက်သုံးဆီဟာ ပြည်တွင်းသယံဇာတနဲ့ မလုံလောက်တာကြောင့် နိုင်ငံခြားငွေနဲ့ တင်သွင်းနေရသလို စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီတွေကို ဒေါ်လာရောင်းချတာ၊ ဈေးကွက်ပေါက်ဈေးထက်လျော့တဲ့ နှုန်းထားနဲ့ ရောင်းချနေပေမယ့် ဒါဟာလည်း လုံလောက်မှုမရှိသေးတာကို ဝန်ခံတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေမှာ အမေရိကန် တစ်ဒေါ်လာကို ၁၉၆၅ ကျပ် ဝန်းကျင် သတ်မှတ်ထားပေမယ့် ပြင်ပဈေးကွက်မှာ ၂၂၅၀ ကျပ်ဝန်းကျင်ရှိနေသလို စက်သုံးဆီဈေးနှုန်းတွေဟာလည်း အာဏာမသိမ်းခင်ကထက် နှစ်ဆမြင့်တက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။