အမေရိကန် သံရုံးအရာရှိ ရခိုင်ခေါင်းဆောင်အချို့ နဲ့ ဆွေးနွေး
2013.12.16

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက နိုင်ငံရေးအရာရှိ Mr. Paul Turner ဦးဆောင်တဲ့ သံရုံးအရာရှိတွေဟာ ရခိုင်ပြည်နယ်ထဲမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နောင်အနာဂတ်ကာလမှာ သင့်မြတ်စွာ ယှဉ်တွဲနေထိုင်နိုင်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး မနေ့က စစ်တွေမြို့မှာ ရခိုင် တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ သီးသန့်တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က သီးသန့်တွေ့ဆုံနွေးပွဲမှာ ပါဝင်ခဲ့သူ ရခိုင်ပြည်နယ်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက RFA ကို အခုလိုပြောပါတယ်။
“လောလောဆယ်ကတော့ အတူယှဉ်တွဲနေထိုင်ဖို့ အချိန်တွေယူရဦးမယ်၊ အဲဒါကို သူတို့နားလည် တယ်ပေါ့၊ သူတို့သိချင်တာလေးက နောက်လာမယ့် အနာဂါတ်မှာပေါ့ နှစ်ဘက်လူ့အဖွဲ့အစည်းက ဘယ်လိုလုပ်ပြီး ညင်ညင်သာသာနဲ့ ကိုင်တွယ်လို့ ရနိုင်မယ်ဆိုတဲ့ နည်းလမ်းမျိုးလေးတွေပေါ့နော်၊ သူကမေးချင်ပါတယ်ဆိုပြီးတော့ ကျမကိုလာခေါ်တွေ့တယ်”
ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား အတူယှဉ်တွဲနေထိုင်ဖို့ ဆိုတာ လောလောဆယ်မဖြစ်နိုင်သေးပေမယ့် နောင်အနာဂတ်ကာလတွေမှာ သင့်မြတ်စွာ ယှဉ်တွဲနေထိုင်နိုင်ရေး အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဖို့ ဆန္ဒရှိနေတဲ့အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
မနေ့က ဆွေးနွေးပွဲမှာ ရခိုင်တိုင်းရင်းသားတွေဘက်က နှစ်ဦးနှစ်ဖက် သင့်မြတ်စွာနေထိုင်နိုင်ဖို့အတွက် မီဒီယာတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကသုံးစွဲနေတဲ့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို ရပ်တန့်ပေးဖို့ ဆန္ဒရှိနေကြသလို မွတ်စလင်တွေအနေနဲ့လည်း ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုတာတွေကို ရပ်တန့်ပေးဖို့လိုအပ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။
အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက်ဥက္ကဌ ဒေါ်ညိုအေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်