မြန်မာအပေါ် လက်နက်ပိတ်ဆို့မှု အမေရိကန် ပြန်ရုတ်သိမ်းနိုင်


2014.02.24
army-day-305.jpg နေပြည်တော်မှာကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ စစ်ရေးပြချီတက်လာတဲ့ သံချပ်ကာကားတွေ ကို တွေ့ရစဉ်
Photo: RFA

အာရှ ပစိဖိတ်ဒေသတခွင် လုံခြုံရေး တိုးမြှင့်ချဲ့ထွင်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ဟာ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေအပေါ် စစ်လက်နက် ပစ္စည်းအရောင်းအဝယ် ပိတ်ဆို့တားဆီးထားတာတွေ ကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပြုရေးဆီကို ဦးတည်သွားနိုင် တယ်လို့ ဗြိတိန်အခြေစိုက် IHS Jane’s ခေါ် စစ်တပ်နဲ့ ကာကွယ်ရေးလုပ်ငန်းများဆိုင်ရာ အထူးပြုလေ့လာရေး သားနေတဲ့ စာစောင်က ပြောပါတယ်။

လက်ရှိအနေနဲ့ မြန်မာနဲ့ ဗီယက်နမ်ကို စစ်လက်နက် ပစ္စည်းတွေ မရောင်းချနိုင်ပေမဲ့၊ အဲဒီနိုင်ငံတွေမှာ လူ့အခွင့်အရေးကိစ္စလို ပြဿနာမျိုးတွေ ဖြေရှင်း လာနိုင်တာနဲ့အမျှ လက်နက်အရောင်းအဝယ်တွေ ကို ပြန်လည်ခွင့်ပြုလာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေး စစ်ရေးဗျူရို၊ စစ်ရေး ကုန်သွယ်မှု ထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Kenneth Handelman က IHS Jane’s စာစောင်ကို ပြောကြားခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ လေကြောင်းပြပွဲရဲ့ ပြင်ပမှာ စာစောင်က သီးခြားတွေ့ဆုံမေးမြန်းရာမှာ ပြောကြား ခဲ့တာပါ။ အမေရိကန်အစိုးရမှာ အာရှပစိဖိတ်နိုင်ငံတွေနဲ့ စစ်ရေးအရ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာရှိနေတာနဲ့အညီ၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေဆိုင်ရာ မူဝါဒလည်း ပြောင်းလဲသွားနိုင်ပါတယ်၊ အဲဒီနိုင်ငံတွေနဲ့အတူ လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးကို မိမိတို့ စလျှောက်နေပါပြီ၊ ဒါပေမဲ့ လက်နက်အရောင်း အဝယ်နဲ့ ပတ်သက်လာရင်တော့ လူ့အခွင့်အရေးကိစ္စဟာ အင်မတန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်လို့ လက်ထောက်ဝန်ကြီး Kenneth Handelman က ပြောဆိုကြောင်း Jane’s စစ်ရေးစာစောင်က ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာတဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ပြန်လည်ရုတ်သိမ်းလိုက်ကြပေမဲ့၊ စစ်လက်နက်ပစ္စည်း အရောင်းအဝယ် ပိတ်ဆို့မှုကိုတော့ မရုတ်သိမ်းဘဲ၊ ဆက်လက်ချမှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။