ကချင်အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရမှု ဖော်ထုတ် အရေးယူဖို့ အမေရိကန်တောင်းဆို


2015.01.22
kachin-teachers-620.jpg ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးကျေးရွာမှာ အသတ်ခံရတဲ့ ဆရာမ မရမ်လုရာနှင့် ဆရာမ တန်ဘောင်ခေါန်ဒင့် တို့ပုံ
.

ကချင်နှစ်ချင်းအသင်းတော်က သာသနာပြုဆရာမနှစ်ဦး အသတ်ခံမှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ အမှုကျူးလွန်သူတွေကို စုံစမ်းအရေးယူပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki က မနေ့ညနေကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ အခုလိုပြောကြားလိုက်တာဖြစ်ပြီး အမေရိကန်အစိုးရ အနေနဲ့ ဒီအမှုနဲ့ပတ်သက်လို့ စောင့်ကြည့်နေသလို အကြောင်းရင်းကို စုံစမ်းလေ့လာနေပါတယ်လို့ ပြော ကြားပါတယ်။

ကချင်တိုင်းရင်းသူ သာသနာပြုဆရာမနှစ်ဦးရဲ့ အလောင်းကို ဇန်နဝါရီလ ၂ဝ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကြူကုတ်မြို့ နယ် ကောင်းခါးကျေးရွာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး မိသားစုရဲ့ဆန္ဒအရ မန္တလေးမြို့ကတဆင့် မြစ်ကြီးနားမြို့ကို သယ်ဆောင်နေပါတယ်။ သယ်ယူလာတဲ့လမ်းတစ်လျှောက်မှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဒေသခံတွေက ဆန္ဒပြတောင်းဆိုတာတွေရှိတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ထွက်ရှိလာတဲ့ နောက်ဆုံးသတင်းတွေအရ ဒီအမှုနဲ့ ပတ်သက်ပြီး ဒေသတွင်းအခြေစိုက် အစိုးရစစ်သားတွေ ကို စွပ်စွဲမှုတွေရှိနေပေမဲ့ တရားခံလို့ယူဆနိုင်တဲ့ အရပ်သားတစ်ဦးရဲ့ သက်သေအထောက်အထားအဖြစ် ဓာတ်ပုံ တစ်ပုံရရှိထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ကပြောကြားကြောင်း ပြည်တွင်းထုတ် 7 Day သတင်းစာကရေးပါတယ်။

အမှုမှန်ပေါ်ပေါက်ဖို့ နယ်မြေခံရဲတပ်ဖွဲ့ အာဏာပိုင်တွေနဲ့အတူ မူဆယ်- ကချင်နှစ်ချင်းခရစ်ယာန်အသင်း KBC က ကိုယ်စားလှယ်တွေ၊ ဒေသခံ မုံးပေါ် ပြည်သူ့စစ်အဖွဲ့ဝင်တွေပါဝင်တဲ့အဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။