ဖက်ဒရယ်အခြေခံမူ ၃ ချက်ကို အပစ်အခတ်ရပ်စဲရေးမှာထည့်ဖို့ အစိုးရသဘောတူ
2014.05.21

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သတ်မှတ် ထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ဖက်ဒရယ်ရဲ့ အခြေခံမူတွေကို အပစ်အခတ်ရပ်စဲရေးမူကြမ်းမှာ ထည့်သွင်းေဆွးနွေးဖို့ အစိုးရဘက်က လက်ခံ လိုက်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေ က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတင်ကျင်းပတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားပြုတဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျှံမုန်းဆာခေါင်က ဒီတစ်ကြိမ်ဆွေးနွေးပွဲရဲ့ တိုးတက်မှုအကြောင်း အခုလို သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
"အထူးသဖြင့်က အခြေခံမူနဲ့ ပတ်သက်တယ်၊ ဟိုတခါတုန်းက သူတို့က ဖက်ဒရယ်မူကို လက်မခံဘူး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ မသုံးပါနဲ့လို့ပြောတယ်၊ အခု ကျနော်တို့က ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို မသုံးသော်လည်း ကျနော်တို့ တိုင်းရင်းသားက ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ၃ ခုစလုံးကို ဖက်ဒရယ်အခြေခံမူ ၃ ခုစလုံးကို ထည့်ပေးပါတယ်၊ ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထည့်တဲ့အတွက်ကြောင့် အဲဒါအင်မတန်မှ တိုးတက်တဲ့လက္ခာလို့ ကျနော်မြင်ပါတယ်"
ဒီနေ့ ဆွေးနွေးပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ တပ်မတော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း၊ ဒေါက်တာ ဆလိုင်းလျှံမုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာစတဲ့ နှစ်ဖက်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ အတွက် ဒုတိယမြောက် မူကြမ်းတစ်ခုရအောင် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမတိုင်ခင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပနိုင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီကနေ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက အထူးအကြံပေး ဦးလှမောင်ရွှေကို RFA အဖွဲ့သူ မသင်းသီရီ ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။